မဲခေါင်၊ နိုဝင်ဘာ ၂၅
အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုမိန့်ရထားသကဲ့သို့ လောင်းကစားဝိုင်းများကို ရှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ပေါ်၌ ဖွင့်လှစ်လုပ်ကိုင်နေကြောင်း မြို့ခံများထံမှ သိရသည်။
လောင်းကစားဝိုင်းများကို တရားဝင်ခွင့်ပြုမိန့် ရထားသကဲ့သို့ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေကြကြောင်း ဘုရားဖြူရပ်နေသူ ဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
“တစ်ရပ်ကွက်ချင်း လောင်းကစားဝိုင်းတွေက မတူဘူးဗျ၊ ဒီဘုရားဖြူမှာက ငါးပစ်ဂိမ်းများတယ်။ ပလီလင်းဘက်ကျတော့ ဂျင်ဝိုင်း လူကြီးဝိုင်းတွေများတယ်” ဟု ၎င်းက ဆိုသည်။
ပလီလင်းရွာမှာ တောင်ကြီးမြို့ဝင်အတွက် စစ်တပ်က စစ်ဆေးရေး ဂိတ်ချထားသည့်နေရာလည်း ဖြစ်ပြီး ယင်းရွာ၌ ဖွင့်ထားသည့် ဂျင်ဝိုင်းများကို PNO ပြည်သူ့စစ်က လိုင်းကြေးယူကာ လုံခြုံရေး ယူပေးနေကြောင်း သိရသည်။
လက်ရှိ ဂျင်လောင်းကစားဝိုင်းကို ပလီလင်းပတ်လမ်း မရောက်မီ ဘုန်းကြီးကျောင်းအနီးတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၂၀ ရက်က စတင်ဖွင့်ခြင်းဖြစ်ပြီး လူအများအပြား လာရောက်ကစားနေကြောင်း ဒေသခံက ပြောသည်။
တောင်ကြီးမြို့ပေါ်တွင် ရပ်ကွက် ၂၂ ခု ရှိရာ ရေအေးကွင်းနေရာမျိုးတွင် တစ်ချပ်မှောက်ကဲ့သို့ ကြေးကြီးဖဲဝိုင်းများ ရှိနေပြီး စဝ်စံထွန်းရပ်ကွက်၌မူ ဂျင်ဝိုင်းနှင့် ပိုကာဖဲဝိုင်းများ ရှိနေကြောင်း စုံစမ်းသိရသည်။
တောင်ကြီးမြို့နယ်၌ ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၄ သိန်းကျော်ရှိရာမှ အခြားဒေသများမှ လာရောက်နေထိုင်သူ များပြားလာသကဲ့သို့ လောင်းကစားဝိုင်းများ များပြားလာနေပြီး ခိုး၊ ဆိုး၊ လု၊ နှိုက် ရာဇဝတ်မှုများ ပိုမိုဖြစ်ပွားလာနေရာ အထူးသဖြင့် ဆိုင်ကယ်ပျောက်မှုများ နေ့စဥ်လို ဖြစ်ပွားနေသည်။
#MeKongNews
#တောင်ကြီး
#ပြောင်ပြောင်တင်းတင်း
#လောင်းကစားဝိုင်း
#PNO








