မဲခေါင်၊ နိုဝင်ဘာ ၂၃
မိုင်းဆတ် မူးယစ်ရဲတပ်ဖွဲ့က ဒေသအတွင်း တာချီလိတ်-မိုင်းဆတ်ကားလမ်းတစ်လျှောက် ရှောင်တခင် စစ်ဆေးရေးဂိတ်ချပြီး မူးယစ်ဆေးဝါးစစ်ဆေးခြင်းကို အကြောင်းပြကာ ငွေတောင်းကြမ်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များက မဲခေါင်သို့ ပြောသည်။
မူးယစ်ရဲတပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် ၅ဦး၊ ၆ဦးခန့်ဖြင့် တာချီတ်-မိုင်းဆတ်ကားလမ်းပိုင်းနှင့် မိုင်းတုံ-မိုင်းဆတ်ကားလမ်းပိုင်းတစ်လျှောက် ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်ရာတွင် မူးယစ်ဆေးဝါး မိသည်ထက် ငွေညှစ်တောင်းခံခြင်းသာ များနေကြောင်း၊ မူးယစ်ဆေးဝါးအနည်းငယ်မိသူကိုပင် ဘတ်သိန်းချီတောင်းပြီး ငွေညစ်နေကြောင်း မူးယစ်ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် ဒေသခံ သတင်းရင်းမြစ်က ပြောသည်။
“ဟိုတလောက မိုင်းတွင်းနားမှာ လားဟူကောင်လေးတစ်ယောက် စိတ်ကြွဆေးပြား ၃ ပြားမိတာကို ဘတ်တစ်သိန်းတောင်းတယ်၊ နောက်ဆုံးဘတ် ၅သောင်းနဲ့ တည့်သွားတယ်။ မိုင်းတုံနားအထိ သူတို့က ကားရပ်ပြီး တွေ့သမျှအကုန်စစ်တာ၊ တချို့ happy water အထုတ် တစ်ထုတ်လောက်တွေ့တာကအစ ပိုက်ဆံ လှိမ့်တောင်းတာ၊ တအားရစ်ကြတယ်။ ဘာမှမပါရင်တောင် လက်ဖက်ရည်ဖိုးပေးခဲ့ဦး လုပ်သေးတာ”လို့ သူကက ပြောပါတယ်။
လမ်းတစ်လျှောက် ရှောင်တခင်စစ်ဆေးသည့် မူးယစ်တပ်ဖွဲ့သည် ရရှိလာသည့် ငွေများကို ညဘက် မိုင်းဆတ်မြို့ပေါ်ရှိ KTV များတွင် Happy Water နှင့် K သုံးစွဲပျော်ပါးပြီး ဒေသခံများကို နည်းမျိုးစုံဖြင့် ငွေညစ်ခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ရင်ဖွင့်သည်။
မိုင်းဆက်မြို့နယ်သည် ရှမ်းပြည်အရှေ့ပိုင်းရှိ ခရိုင်အဆင့် မြို့တစ်မြို့ဖြစ်ပြီး မူးယစ်ဆေးဝါး၊ သစ်မှောင်ခို၊ တရားမဝင် သတ္တုတူးဖော်မှုများ များစွာရှိပြီး စစ်ကောင်စီဝန်ထမ်းများက ယင်းကိစ္စများကို ထိရောက်စွာ နှိမ်နင်းနိုင်ခြင်းမရှိဘဲ ပြည်သူများထံမှ ငွေညှစ်ရန်သာ အာရုံစိုက်ကြောင်း ဒေသခံများက ပြောသည်။
#MeKongNews
#ရှမ်းအရှေ့
#မိုင်းဆတ်
#မူးယစ်ဆေးဝါး
#မူးယစ်ရဲ








