မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့အဝင်မုခ်ဦးအနီး အလှူခံမဏ္ဍပ်မှ အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းရင်းမြစ်ထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၃ ရက် ညနေ ၄ နာရီ ဝန်းကျင်တွင် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာနေ အသက် ၆၄ နှစ်အရွယ် ဦးကောလိယသည် သီပေါမြို့အဝင်မုခ်ဦး အလှူခံမဏ္ဍပ်အနီး မိုင်းနင်းမိ၍ ယာခြေနှင့် ယာလက် မောင်းတွင် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းသည် အလှူခံမဏ္ဍပ်တွင် တာဝန်ယူနေသူဖြစ်ကာ ယာဉ်တစ်စီးမှ လှူသည့် ပိုက်ဆံကို ကောက်ယူနေချိန် မိုင်းနင်းမိခဲ့ခြင်းဖြစ်သည် ဟု သတင်းရင်းမြစ်က ပြောသည်။
“ဦးလေးက အလှူခံမဏ္ဍပ်မှာ တာဝန်ယူတာ၊ အဲဒီချိန်ကားတစ်စီးက ပိုက်ဆံလှူတာ ပိုက်ဆံက မဏ္ဍပ် နားလွင့်ကျသွားတာ ဦးလေးက လွင့်ကျသွားတဲ့ပိုက်ဆံ သွားကောက်တဲ့ချိန် မထင်မှတ်ဘဲ မဏ္ဍပ်နားမှာ မိုင်းနင်းမိတာပါ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ဒဏ်ရာပြင်းထန်သည့် ဦးကောလိယကို လားရှိုးဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူလျက်ရှိသည်။
သီပေါမြို့သည် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – TNLA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာဖြစ်ပြီး စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ထားသည်။
#MeKongNews
#သီပေါမြို့
#ရှမ်းမြောက်
#မိုင်းနင်း
#ပြင်းထန်ဒဏ်ရာ








