မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမှ ကျိုင်းတုံ ပြည်ထောင်စု ကုန်သွယ်လမ်းမကြီးပေါ်ရှိ မိုင်းပွန်မြို့တွင် စစ်ကောင်စီက စစ်ဆေးရေးဂိတ်အသစ် တစ်ခု ထပ်မံတိုးဖွင့်လာသည့်အတွက် ယာဉ်အများအပြား ပိတ်မိပြီး ခရီးများ ကြန့်ကြာနေရကြောင်း ခရီးသွားယာဉ်များထံမှ သိရသည်။
ယခင်က တောင်ကြီးဘက် အဝင် မိုင်းပွန်အဝင်တံတားဂိတ်တစ်ခုသာရှိသော်လည်း ယခု လွိုင်လင်ဘက် အထွက်မှာ ဂိတ်အသစ် တိုးဖွင့်ထားခြင်းကြောင့် ခရီးလမ်းကြန့်ကြာမှုများ ပိုမိုဖြစ်ပွားလာနေခြင်းဖြစ်သည်ဟု ခရီးသွားများက ဝေဖန်ပွားနေကြသည်။
“အခု ဂိတ်သစ်က စစ်တာ အရမ်းကြာတယ်။ သာစည်ဘက်က ကျွဲတပ်ဆုံလိုပဲ၊ ကားတွေ စီထားရတာ” ဟု တောင်ကြီး–မိုင်းပွန် ယာဉ်မောင်းတစ်ဦးက ပြောသည်။
တောင်ကြီး–မိုင်းပွန် လမ်းသည် မိုင် ၃၀ ဝန်းကျင်သာ ကွာသော်လည်း လွိုင်လင်နှင့်လည်း ၃၂ မိုင်သာ ကွာရာ၊ ယခုလို ဂိတ်အသစ် ထပ်တိုးလာမှုကြောင့် ခရီးငွားများ၊ ကုန်စည် သယ်ဆောင်မှုများ အားလုံးမှာ ကြန့်ကြာမှု ကြုံတွေ့ရကြောင်း ကုန်သည်များနှင့် ခရီးသွားများက ဆိုသည်။
ရက်ပိုင်းအတွင်း ရှမ်းအရှေ့ဘက်မှ စားသောက်ကုန်များ၊ လျှပ်စစ်ပစ္စည်းများ၊ ဆိုင်ကယ်အပိုပစ္စည်းများ၊ ယိုးဒယားကုန်များကို တရားမဝင် တင်သွင်းလာသည်ဟု ဆိုပြီး အကြောင်းပြကာ လာဘ်ငွေ တောင်းခံခြင်း၊ လိုင်စင်မဲ့ကားများကို ဟိုပုံး နည်းပညာကျောင်း အတွင်း ဖမ်းဆီးခြင်းများ ရှိလာကြောင်း ကုန်သည်များထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလအစအထိ ဟိုပုံးတွင် ဖမ်းဆီးမိခဲ့သည့် ယာဉ် ၆၄ စီးအနက် လိုင်စင်မဲ့ကား ၃၆ စီးကို အပြီးသိမ်းယူခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။
#MeKongNews
#မိုင်းပွန်
#စစ်ဆေးရေးဂိတ်
#ခရီးကြန့်ကြာမှု
#ရှမ်းပြည်တောင်ပိုင်း








