မဲခေါင်၊ နိုဝင်ဘာ ၁၄
ရှမ်းပြည်မြောက်ပိုင်းမှ ရှမ်းပြည်တောင်ပိုင်းသို့ နောင်ဝိုး–ကျောက်ဂူ–ရပ်စောက်လမ်းအတိုင်း လာသည့် ကုန်တင်ယာဉ် ၅၇စီးကို တရားမဝင်ကုန် အကြောင်းပြချက်ဖြင့် ဖမ်းဆီးရာ ယာဉ်မောင်းများနှင့် ယာဉ်ပေါ်ပါလာသူများကိုပါကို ဗထူးတပ်နယ်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း ဒေသခံနှင့် ကုန်သည်များထံမှ သိရသည်။
ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်က နောင်ဝိုးဘက်မှ တရားမဝင် ကုန်စည်တင်ယာဉ် ၅၇ စီးကို ယာဉ်မောင်းများကို ရပခ ဗျူဟာမှူးမှ သွားရောက်ဖမ်းဆီးလာပြီးနောက် မီးတန်းယာဉ်ဖြင့် ရှေ့ဆောင်ခေါ်လာကာ ယခုလို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
“ပထမတော့ လူမှတ်ပုံတင် စာရွက်စာတမ်းလောက်ပဲ ခဏသိမ်းတယ်ထင်တာ၊ ညနေရောက်လာတော့ ကားသမားတွေကို အချုပ်ထဲ တန်းထည့်တာ” ဟု ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
ကားများကို တပ်နယ်ဘောလုံးကွင်းတွင် ထည့်ထားပြီး ယာဉ်မောင်းများကို တပ်နယ်အချုပ်ထဲ ထည့်ထားသလို ကားများနဲ့အတူ လိုက်ပါလာသူများကိုမူ တပ်နယ်ခန်းမထဲ၌ ထိန်းသိမ်းထားကြောင်း သိရသည်။
“ကြားတာတော့ အရက်၊ စီးကရက်လိုဟာမျိုးတွေ အပြီးသိမ်းမယ်။ ကားတွေက ဝစ်သောက်တွေဆို အပြီးသိမ်းမယ် လို့ကြားတယ်။ ခုပုံဆို လူတွေပါ ဖမ်းခံနေရတဲ့ပုံ ဖြစ်နေလို့ ဘယ်လိုလာမလဲ မသိသေးဘူး” ဟု ကုန်သည်တစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်မှ စက်တင်ဘာ ၃ ရက်အထိ ရှမ်းပြည်နယ် အထူးအဖွဲ့များက ဖမ်းမိခဲ့သည့် ကုန်တင်ယာဉ် ၆၄ စီးအတွက် မော်တော်ယာဉ်များပေါ်မှ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေ ပုဒ်မ ၁၆၇(၈) အရ သိမ်းဆည်းကာ ဒဏ်ငွေ တပ်ရိုက်မည်ဟု အောက်တိုဘာ ၂၇ ရက်က ကြေညာထားသည်။
ယင်းကြေညာချက်တွင် ခွင့်ပြုချက်နှင့် ကွဲလွဲ တင်သွင်းလာသည့် သို့မဟုတ် ခွင့်ပြုချက်မပါဘဲ တင်သွင်းလာသည့် လိုင်စင်မဲ့၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်း အကောက်ခွန်အက်ဥပဒေအရ သင့်လျော်သည့် ရွေးယူဒဏ်ငွေ တပ်ရိုက် ဆောင်ရွက်မည်ဟု ပါရှိကြောင်း သိရသည်။
ယင်းဖမ်းဆီးရမိ မော်တော်ယာဉ်များအနက် တရားဝင် မှတ်ပုံတင်မထားသော ကုန်ကား ၆ စီးအပါအဝင် လိုင်စင်မဲ့ယာဉ် ၂၁ စီးနှင့် ပိတ်ပင်တားမြစ် ကုန်ပစ္စည်း တင်ဆောင်လာသည့် ယာဉ် ၁၅ စီး၊ စုစုပေါင်း ၃၆ စီးကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဟု ကြေညာထားသော်လည်း ယခုဖမ်းဆီးရမိဖြစ်စဉ်ကဲ့သို့ ယာဉ်မောင်းများကို ဖမ်းဆီးချုပ်နှောင်ခြင်း မရှိခဲ့ပေ။
#MeKongNews
#နောင်ဝိုး
#တရားမဝင်ကုန်စည်
#ဗထူးတပ်နယ်
#ယာဉ်မောင်းဖမ်းဆီးမှု
မှတ်ချက်။ ။ ပုံဟောင်း








