မဲခေါင်၊ နိုဝင်ဘာ ၁၂
ဟိုယ၊ နမ့်ပေါင်တစ်ကြောတွင် စွဲထားသည့် MNDAA တပ်များကို ရုပ်သိမ်းပေးရန် စစ်ကောင်စီဘက်မှ တောင်းဆိုနေစဉ် မြေပြင်တွင် ၂ဖက် စစ်ရေးတင်းမာနေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရှမ်းပြည်မြောက်ပိုင်း၊ စစ်ကောင်စီထိန်းချုပ် လားရှိုးမြို့တွင် စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များအား ၂ ဘက် အကြိတ်အနယ် ဆွေးနွေးနေခြင်းဖြစ်ပြီး ဆင်နှစ်ကောင်ဟိုတယ်၌ ရမခတိုင်းဦးစီးချုပ်ပါဝင်သည့် ယမန်နေ့အစည်းအဝေးတွင် ယင်းကဲ့သို့ စစ်ကောင်စီမှ တောင်းဆိုလာခြင်းဖြစ်ကြောင်း MNDAA နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က မဲခေါင်သို့ ပြောသည်။
“ဟိုယ နမ့်ပေါင်တစ်ကြောက တပ်တွေရုပ်ဖို့ ပြောတာပါပဲ၊ ထူးခြားတာက မနေ့ကနေ့လယ်၂ နာရီလောက်မှာ ဟိုယဖက် ကင်းထောက်လေယာဥ်ဖြတ်ပျံတယ်။ အခုဟိုယမှာ ကိုးကန့်စစ်သားတွေ အများကြီး ရောက်နေတယ်။ စစ်တပ်ဖက်က စစ်ကားတွေလည်း မနက်ကတန့်ယန်းဖက်က လားရှိုးဖက်သွားကြတယ်” ဟု သတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၅ရက်ကလည်း လားရှိုးတွင် စစ်ကောင်စီနှင့် MNDAA တို့ တွေ့ဆုံပြီးနောက် ဟိုယ-တန့်ယန်းလမ်းကြောင်းတွင် MNDAA တပ်များ တိုးချကာ စစ်ရေးတင်းမာခဲ့သေးသည်။
စစ်ကောင်စီသည် တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်ရပြီးနောက် တရုတ်အကူအညီဖြင့်ပင် ကိုးကန့်တပ်ဖွဲ့နှင့် ဆက်လက်ဆွေးနွေးနေပြီး သိန္နီမြို့ကို ပြန်ပေးရန်နှင့် ဟိုယဘက်မှ ကိုးကန့်တပ်များ ပြန်လည်ဆုတ်ခွာရန်အစဉ်တစိုက် တောင်းဆိုလျက်ရှိသည်။
#MeKongNews
#ရှမ်းမြောက်
#လားရှိုး
#MNDAA
#စစ်အင်အား








