မဲခေါင်၊ နိုဝင်ဘာ ၉
ရှမ်းပြည်မြောက်ပိုင်းမှ စစ်တပ်ပြန်သိမ်းလိုက်သည့် ကျောက်မဲမြို့နှင့် သီပေါမြို့တို့ရှိ နေအိမ်အလုံး ၁၀၀ ခန့်ကို စစ်ကောင်စီက ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများထံမှသိရသည်။
ချိတ်ပိတ်ခံရသည့် အရေအတွက်မှာ ကျောက်မဲတွင် အလုံး ၆၀ ခန့်နှင့် သီပေါတွင် ၄၀ ဖြစ်ကြောင်းသိရသည်။
“TNLAနဲ့ဆက်ဆံပတ်သက်ခဲ့သူတွေပေါ့ဗျာ။ မလွဲမကင်းသာ ဆက်ဆံရသူတွေအိမ်ပါသလို NLD အိမ်တွေလည်း ပါတယ်။ လက်ဘက်ရည်ဆိုင် ၂ဆိုင်နဲ့ ကုန်စုံဆိုင်တွေပါတယ်” ဟု ကျောက်မဲမြို့၊ ၉ ရပ်ကွက် နေသူတစ်ဦးက မဲခေါင်သို့ပြောသည်။
ယင်းရပ်ကွက်မှ အထက-၂ ကျောင်းရှေ့တွင် နေထိုင်သည့်ကားပွဲစား ကိုဘစီဆိုသူကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သော်လည်း ယခုပြန်လွတ်လာပြီဟု ၎င်းကဆိုသည်။
သီပေါမြို့တွင်မူ TNLA နှင့် ငွေအပေးအယူပြုလုပ်သူ အများအပြား ဖမ်းဆီးခံထားရပြီး ၎င်းတို့နေအိမ်များ ချိတ်ပိတ်ခံရကြောင်းမြို့ခံများထံမှသိရသည်။
“မကင်းရာမကင်းကြောင်းသူတွေ၊ စစ်တပ်ဆုတ်တုန်းက ကြက်ဥတွေဘာတွေနဲ့ ပစ်ထားတဲ့တချို့လည်းပါတယ်” ဟု သီပေါ၊ ဇတ်စုရပ်နေသူတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်ကကျောက်မဲကို သြဂုတ် ၁ ရက်နှင့် သီပေါကို သြဂုတ် ၁၇ ရက်များတွင် TNLA လက်မှ ပြန်လည်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ပုံအညွှန်း – သီပေါမြို့ပေါ်မှ ချိတ်ပိတ်ခံရသည့်သရဖူစတိုး
#MeKongNews
#ကျောက်မဲ
#သီပေါ
#စစ်ကောင်စီ
#နေအိမ်ချိတ်ပိတ်








