မဲခေါင်၊ နိုဝင်ဘာ ၆
ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းပျဥ်းမြို့မှ ကျိုင်းတုံမြို့ဘက်သို့ အလုပ်သွားရောက်လုပ်ကိုင်နေသူ အိမ်ထောင်သည်အမျိုးသားတစ်ဦးကို ရဲလင်းဦးဆိုသူ စစ်ကောင်စီတပ်သားတစ်ဦးကကျပ် ၁၀ သိန်းပေးမည်ဆိုပြီး လိမ်လည်၍ စစ်တပ်ထဲသွင်းခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက မဲခေါင်သို့ပြောသည်။
ယခုနှစ် ဧပြီလကတည်းက ကျိုင်းတုံ၌ အလုပ်သွားရောက်လုပ်ကိုင်နေသူအား ပြီးခဲ့သည့်အောက်တိုဘာ ၂၃ရက်တွင်ယင်းကဲ့သို့ စစ်တပ်ထဲ လိမ်လည်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ခေါ်ဆောင်ခံသူ၏ မိသားစုဝင်ကပြောသည်။
“သူ့အလုပ်ကနေ စစ်သားတစ်ယောက် ကပိုက်ဆံ၁၀သိန်းပေးမယ်ဆိုပြီး ဖြားယောင်းခေါ်ဆောင်သွားပါတယ်။ သူ့အလုပ်က ကန်ထရိုက်မသိအောင် လိုက်သွားပါတယ်။ အဲ့စစ်သားရဲ့အမည်ကရဲလွင်ဦးပါ။ သူ့ရဲ့ဓာတ်ပုံလဲရှိပါတယ်” ဟု၎င်းကမဲခေါင်သို့ပြောသည်။
အစပိုင်းတွင် မိသားစုနှင့် ဖုန်းပေးပြောသော်လည်း နောက်ပိုင်းတွင် အဆက်အသွယ်ပြတ်တောက်သွားသဖြင့် လက်ရှိတွင် ၎င်းမည်သည့်နေရာ၊ မည်သည့်အခြေအနေတွင် ရောက်နေမှန်းမသိရဟု ဆိုသည်။
၎င်းအမျိုးသားတွင် ဇနီးနှင့် မိသားစု ကျန်ခဲ့ပြီး ဇနီးသည်မှာ ကလေး၂ယောက်နှင့် ဒုက္ခရောက်နေကြောင်း မိသားစုထံမှ သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက တရားမဝင်ပြဌာန်းပြီးနောက် စစ်တပ်ထဲသို့ နည်းမျိုးစုံဖြင့် လူသစ်စုဆောင်းနေရာ အပတ်စဥ် (၁၉)အထိ ရှိလာပြီဖြစ်သည်။
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံမြို့အများအပြားတွင်လည်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ ပျုစောထီးအဖွဲ့များက လူငယ်များအား မတရားဖမ်းဆီး လူသစ်စုဆောင်းခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခြင်းများအား ယခုနောက်ပိုင်း ပို၍လုပ်ဆောင်လာနေကြောင်း ဒေသခံများထံမှသိရသည်။
ပုံအညွှန်း – ဖြားယောင်းခေါ်ဆောင်သွားသူ စစ်ကောင်စီတပ်သား ရဲလင်းဦး
#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#မိုင်းပျဉ်း
#စစ်ထဲလိမ်သွင်း








