မဲခေါင်၊ နိုဝင်ဘာလ ၆
စစ်ရေးအခြေအနေကြောင့် ယနေ့၊ နိုဝင်ဘာ ၆ ရက်မှစပြီး ဖရူဆို- ထားလဲ -နန်းဖဲ – ဘောလခဲ လမ်းမကြီးအား အသုံးပြုဖြတ်သန်းသွားလာခြင်း လုံးဝမပြုရန် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF က အသိပေးထားသည်။
ကရင်နီပြည်နယ်၊ ဖရူဆိုမြိုနယ်အတွင်းရှိ စစ်ကောင်စီတပ်များမှာ ဖရူဆို- ထားလဲ – နန်းဖဲ လမ်းမကြီးဖက်သို့ ဦးတည်၍ စစ်ရေးလှုပ်ရှားမှုများရှိလာသောကြောင့် မြေပြင်စစ်ရေးအခြေအနေအရ ယင်းလမ်းမကြီးအား နိုဝင်ဘာ ၆ရက်မှစ၍ အသုံးပြု ဖြတ်သန်းသွားလာခြင်း မပြုလုပ်ကြရန် အများပြည်သူများအား အသိပေးခြင်း ဖြစ်သည်ဟု KNDF ကဆိုသည်။
ဖရူဆိုမြို့နယ်၊ မာခရော်ရှေ့ကျေးရွာဘက်မှ စစ်ကောင်စီတပ်များသည် နိုဝင်ဘာလ ၃ ရက်မှစ၍ ထားလဲဖက်သို့ ဦးတည်ကာ စစ်ကြောင်းထိုးလှုပ်ရှားမှုများ ပြန်လည်ပြုလုပ်လာခြင်းကြောင့် ကရင်နီပြည်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲငယ်များ ဖြစ်ပွားနေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် စက်တင်ဘာလမှ စတင်ပြီး ဖရူဆိုမြို့ထဲမှ ကျေးရွာဘက်သို့ထွက်လာကာ ခြေကုပ် ယူထားကြသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် တောက်လျောက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ် ရှေ့ဆက်မတိုးနိုင်ရန် တားဆီးခဲ့သည်ဟု KNDF ပြောရေးဆိုခွင့်ရှိသူကရှင်းပြသည်။
ယခုနိုဝင်ဘာလတွင် စစ်ကောင်စီသည် တော်လှန်ရေးတပ်ဖွဲ့များရှိသည့်ဘက်သို့ မျက်နှာမူကာ စစ်ကြောင်းဖြင့် ထပ်မံစစ်ရေးလှုပ်ရှားသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေသောကြောင့် ယခုထုတ်ပြန်ချက်ကို လိုက်နာပေးကြရန် ၎င်းက တိုက်တွန်းသည်။
“အဓိကကတော့ ဒီလမ်းတွေက အခုအချိန်မှာ အသုံးပြုလို့ လုံးဝမရတော့ဘူး။ စစ်ကောင်စီရဲ့ စစ်ကြောင်းတွေနဲ့ အရမ်းနီးကပ်နေတာဖြစ်တဲ့အတွက် ထုတ်ပြန်ချက်ပေါ်မှာ အားလုံးလိုက်နာပေးဖို့လိုတယ်။ အန္တရာယ်အရမ်းများတယ်။ ဒီအတိုင်းသွားလာဖို့ မသင့်ပါဘူး။ အဲ့ဒါကြောင့် စစ်ရေးသတိနဲ့ လုံခြုံရေးကို ဦးစားပေးပြီး ဒီလမ်းပေါ် မသွားလာကြဖို့ ပြောချင်ပါတယ်” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယင်းမြေပြင်စစ်ရေးအခြေအနေများကြောင့် ဖရူဆို- ထားလဲ-နန်းဖဲ လမ်းမကြီးအပြင်လမ်းမကြီးပေါ် ဖြတ်သန်း သွားလာရသည့် လမ်းသွယ်များအားလုံးကိုလည်း ယနေ့မှစ၍ အသုံးပြုသွားလာခြင်း လုံးဝမပြုလုပ်ကြပါရန်နှင့် ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း KNDF ကအသိပေးထားသည်။
#MeKongNews
#ကရင်နီ
#ဖရူဆို
#KNDF
#စစ်ကောင်စီ








