မဲခေါင်၊ အောက်တိုဘာ ၂၂
ကာလကြာ ရေကြီးခြင်းမရှိသည့် ရှမ်းပြည်မြောက်ပိုင်းရှိ နမ္မတူမြို့၊ ဘော်တွင်းကျေးရွာတွင် ရက်ဆက်မိုးကြီးခဲ့သဖြင့် နေရာအချို့ ရေကြီးနေကြောင်း သိရသည်။
အောက်တိုဘာ ၁၉ နှင့် ၂၀ ရက်တွင် မိုးကြီးခဲ့ပြီး ၂၁ ရက်၌ တောင်ကျရေများဆင်းကာ ရေကြီးရေလျှံရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ယင်းဘော်တွင်းကျေးရွာ ရေကြီးမှုကြောင့် အပေါ်ပိုင်းရှိ စက်မှုအနီး ဂူပေါက်နှင့် ယခင်တိုင်းရုံး(အချိန်မှတ်ရုံး)အနီးမှ ကားလမ်းများရေကျော်ပြီး လမ်းများပျက်စီးခဲ့ကြောင်း သိရသည်။
“ဘော်တွင်းမှာ တောင်ကျရေကြောင့် နှစ် ၅၀ ပြည့်မှ ဒုတိယအကြိမ် ရေကြီးခဲ့တာ။ နှစ်ရက်ဆက်တိုက်ကို တော်တော်လေးဆိုးရွားခဲ့ပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် မိုးစဲသွားသော်လည်း တောင်ကျရေများ ဆက်လက်ကျဆင်းနေဆဲဖြစ်ကြောင်း သိရသည်။
ယင်းရေကြီးမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း လမ်းနှင့်အဆောက်အဦးအချို့၊ အများသုံးအိမ်သာများ ပျက်စီးခဲ့သည်ဟု ၎င်းက ပြောသည်။
ယခုလိုရေကြီးသည့်ဖြစ်ရပ်မျိုး လွန်ခဲ့သည့် ၁၉၇၅ ခုနှစ်က ရှိခဲ့ဖူးပြီး ယခု နှစ် ၅၀ အကြာ ၂၀၂၅ ခုနှစ်တွင် ထပ်မံရေကြီးရခြင်းဖြစ်ကြောင်း သိရသည်။
ပုံ – Zaw Htoo Aung
#MeKongNews
#နမ္မတူ
#ဘော်တွင်း
#ရေကြီးရေလျှံ
#တောင်ကျရေ








