မဲခေါင်၊ အောက်တိုဘာ ၁၅
ရှမ်းပြည်တောင်ကြီးမြို့တွင်ကျင်းပမည့် တန်ဆောင်ပွဲမှ စျေးဆိုင်နေရာများကို ပွဲကော်မတီနှင့် ပွဲစားများ ပေါင်းပြီး ဈေးတင်ရောင်းချခြင်း၊ မူလနေရာယူပြီးသူအစား ဈေးပိုပေးသူကို ရောင်းချခြင်းတို့ လုပ်ဆောင်နေသည့်အတွက် မူလရောင်းချသူများ အခက်အဲတွေ့နေကြောင်း ဈေးသည်များက မဲခေါင်သို့ ပြောသည်။
အောက်တိုဘာ ၁၃ ရက်တွင် ပွဲစျေးကော်မတီထံမှ ဆိုင်ခန်းစျေးတစ်ခန်းကို ကျပ်သိန်း ၃၀ ဖြင့် ဝယ်ယူရန် နှုတ်စကားပြောဆိုပြီးသော်လည်း ယင်းနေရာကို ပွဲစားက အခြားသူတစ်ဦးထံ ကျပ် ၄၅ သိန်းဖြင့် ရောင်းချလိုက်သည့်အတွက် ဆိုင်ခန်းနေရာ ရယူထားသူမှာ နစ်နာခဲ့ကြောင်း ဈေးသည်တစ်ဦးက ပြောသည်။
“တန်ဆောင်တိုင်ဆိုင်ခန်းတွေက ပွဲကော်မတီက ရောင်းတာလား၊ ပွဲစားတွေက ရောင်းတာလား။ ကိုယ်က စရောင်းတဲ့နေ့ကတည်းက ပွဲကော်မတီဆီ ပြောပြီးဝယ်ထားတာ၊ နောက်ရက်စရံချမယ်ပြောတော့ ပွဲကော်မတီက ပြန်သွားပြီ ပြောတယ်။ ကြားထဲ ပွဲကော်မတီဆီ ဖုန်းဆက် စရံချမယ်ပြောတာ၊ ၁၄ ရက်နေ့၊ သူတို့လာမှာ အဲ့မှချလို့ရတယ်ပြောတာ။ ကြားထဲလဲ နေ့တိုင်းကွင်းထဲရောက်တယ်။ အဲ့တာကို ကိုယ်ယူပြီးတာ အခန်းကို၁၃ ရက်နေ့က၊ ပွဲစားက တစ်ခန်းပေါက်ဈေးကို သိန်း ၃၀ ကို ၄၅ နဲ့ တစ်ခြားသူကို ရောင်းလိုက်တယ်။ ဒီနေ့ပွဲခင်းထဲ ကော်မတီလာမယ်ဆိုလို့ မနက်အစော ၁၄ ရက်မနက် ၇ နာရီ ခွဲကတည်းက သွားတာ၊ ကိုယ့်နေရာကို တစ်ခြားသူက ဆိုင်ဆောက်နေပြီ။ ရောင်းလိုက်တဲ့ ပွဲစားကလည်း ရောင်းလိုက်တာ၊ ဘာဖြစ်ချင်လဲ၊ ဘာလုပ်ချင်လဲ အော်ကြီးဟစ်ကျယ်နဲ့ နှစ်စဉ်ရောင်းနေတဲ့ နယ်ခံဆိုင်ဖြစ်တဲ့အတွက် နေရာမရ၊ ပွဲစားတွေ အဲ့လိုလုပ်နေတာ ဒီတိုင်းကြည့်နေရတော့မလား” ဟု ၎င်းက ပြောသည်။
ဆိုင်ခန်းစျေးနှုန်းများမှာ ပွဲနှင့်နီးလေ စျေးပိုလေဖြစ်ပြီး ကျပ် ၁၀ သိန်းမှ သိန်း ၃၀ အထိ အစားစားရှိကာ စျေးကော်မတီနှင့်ပေါင်း၍ ပွဲစားများမှ လုပ်စားနေကြသဖြင့် နှစ်စဥ်ရောင်းချနေသူများ နစ်နာနေကြရသည်။
တောင်ကြီးတန်ဆောင်တိုင် စျေးဆိုင်ခန်းလေလံသည် ယခင်နှစ်က ကျပ်သိန်း ၄၀၀၀ ကျော်သာ ရှိသော်လည်း ယခုနှစ်တွင် ကျပ်သိန်း ၈၃၀၀ ကျော်ထိ ရှိခဲ့ပြီး လေလံကို ဒေသခံ မဟုတ်သူများကို ပေးအပ်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။
၂၀၁၃ ခုနှစ်မှ ယမန်နှစ် ၂၀၂၄ ခုနှစ်ထိ ဆယ်စုနှစ်တစ်ခုအကြာ လေလံရရှိခဲ့သည့် တောင်ကြီးဇာတိသား မွှေးတောင်ကြီးမှာ ယခု ၂၀၂၅ ခုနှစ်တွင်မူ လက်လွှတ်ခဲ့ရပြီး နေပြည်တော်မှ တစ်ဦးနှင့် မန္တလေးမှ တစ်ဦးတို့ လေလံရရှိကြောင်း သိရသည်။
“လေလံရတဲ့သူက ၂ ယောက်၊ နေပြည်တော်က ဒေါ်ခင်အုန်းမြင့် ဆိုသူက ဈေးဆိုင်ခန်းကို ရတယ်။ နောက်ပြီး ဦးဇော်မိုးထွန်း ဆိုသူကမန္တလေးကပေါ့၊ သူ့ကြတော့ ကားပါကင်နဲ့ ချား/ရဟတ်တို့လိုမျိုး ကစားကွင်းကို ရတယ်။ စုစုပေါင်း ကျပ်ငွေ ၈၃၂၂ သိန်းနဲ့ လေလံ အောင်တယ်။ အရင်နှစ်ကထက် ၂ ဆ ပိုတာပေါ့” ဟု စစ်ကောင်စီ၏ ရှမ်းအစိုးရနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။
ယင်းကဲ့သို့ လေလံဈေး ကြီးမြင့်မှုကြောင့် ဈေးဆိုင်ခန်းခများလည်း ယခင်နှစ်ထက် ၂ ဆကျော်ခန့် မြင့်တက်လာပြီး ပွဲအတွင်းရောင်းချမည့် စားသောက်ကုန် ဈေးနှုန်းမှာ ပြင်ပပေါက်ဈေးထက် အဆမတန် ကြီးမြင့်နိုင်သလို ယာဉ်ရပ်နားခများလည်း ယမန်နှစ်က ကားရပ်နားခ ၃၀၀၀၀ ကျပ်သာရှိရာမှ ယခု အခါ ကျပ် ၅၀၀၀၀ အထိ ရှိနိုင်ကြောင်း လေလံဈေးကွက်နှင့် နီးစပ်သူများထံမှ သိရသည်။
“တစ်ရက် ၄ သိန်းအမြတ်ရအောင် ရောင်းနိုင်မှ အရင်းပြန်ရနိုင်မှာ။ တရက် ၅ သိန်းမြတ်မှ ကိုယ့်အတွက် နည်းနည်းကျန်မှာ။ မိုးဖျက်လို့ပွဲမစည်ရင် သိန်း ၄၀ ကျော်ရှုံးနိုင်တယ်၊။ မသေချာတဲ့အလုပ်၊ မလွယ်ဘူး။ စိတ်မော၊ လူမော၊ ဒုက္ခ ခေါင်းပေါ်တင်သလိုကြီးပါ။ အိပ်ရေး ပျက်၊ အလုပ်ရှုပ်ခံပြီး ဒေါသမောဟနဲ့ ရောင်းနေရတာ။ အမြတ်ကနည်းဆို ဘာမှမကျန်၊ တချို့ဆို စျေးရှားလို့ အိမ်ကအကုန်ချက်ပြုတ်လာပြီး ကားနဲ့ယူလာကြပြီးသား” ဟု နှစ်စဉ်ရောင်းချသည့် စျေးသည်တစ်ဦးက ပြောသည်။
အာဏာသိမ်းပြီးနောက် ပြုလုပ်သော တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲများတွင် ခွင့်မပြုရဲသည့် ယမ်းပိဿာချိန် ၄၀ ကျော်ပါရှိပြီး ၂၅ ပေ အရွယ် ညလွှတ် မီးကြီးအမျိုးအစားများကိုပါ ယခုနှစ်တွင် ခွင့်ပြုလာသည်ဟု သိရသည်။
ယင်းမီးပုံးပျံများအတွက် ယမ်းများနှင့် ဆက်စပ်ပစ္စည်းများကို စစ်ကောင်စီက ထောက်ပံ့သွားမည် ဖြစ်ပြီး ညလွှတ် မီးပုံးပျံများဖြစ်သော ညမီးကြီးနှင့် စိန်နားပန် အမျိုးအစား မီးပုံးပျံ အလုံးရေ ၈၀ ကျော် ပါဝင်လာနိုင်ကာ ယခင်နှစ်ကထက် ၂ ဆကျော် များပြားသော်လည်း အာဏာမသိမ်းမီ အချိန်ကိုမူ မမှီသေးကြောင်း မီးပုံးပျံပွဲနှင့် နီးစပ်သူများထံမှ သိရသည်။
စစ်တပ်မှ အာဏာမသိမ်းခင် ခေတ်အဆက်ဆက်တွင် နှစ်စဉ် မီးပုံးပျံ အလုံးရေ ၂၀၀ ကျော် ရှိခဲ့သည်။
“သူတို့က ဇွတ်ကို စည်ကားချင်တာ၊ ခက်တာက အရင်က တစ်နေ့ကို အလုံးရေ အနည်းဆုံး ၂၀ ကျော်နဲ့ ၁၀ ရက်ဆိုတော့ ၂၀၀ ကျော် ရှိတာ။ ခုက အဲဒီထက်ဝက်ကို မမှီတာ။ ယမ်းပိဿာ ၄၀ နဲ့ ခေါင် ၂၅ ပေဆိုတာ အင်မတန် အန္တရာယ်များတယ်” ဟု မီးပုံးပျံ မီးဆရာတစ်ဦးက ပြောသည်။
စစ်ကောင်စီက ပြုလုပ်မည့် တောင်ကြီးတန်ဆောင်တိုင်ပွဲကို လာမည့် အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်ထိ ပြုလုပ်မည် ဖြစ်ကာ ၂၀၁၉ ခုနှစ်၌ ပြုလုပ်သော တန်ဆောင်တိုင်ပွဲ ပြီးနောက် စစ်ကောင်စီလက်ထက် ပြုလုပ်သော ပွဲတော်များမှာ ယခင်ကကဲ့သို့ စည်ကားမှု မရှိတော့ဘဲ ပျော်ရွှင်ဖွယ်လည်း မကောင်းတော့ဟု တောင်ကြီးဒေသခံများက ပြောသည်။
#MeKongNews
#တောင်ကြီး
#တန်ဆောင်တိုင်
#မီးပုံးပျံပွဲ
#ဈေးကော်မတီ








