မဲခေါင်၊ အောက်တိုဘာ ၁၄
ရှမ်းတောင် – ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ် အနောက်ခြမ်းရှိ ခေါင်းအိကျေးရွာအုပ်စု၊ ဘောရန်းအပေါ်ရွာကို စစ်တပ်နှင့် PNO ပြည် သူ့စစ်တို့က ရွားလုံးကျွတ်မီးတင်ရှို့နေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီနှင့် ၎င်း၏လက်အောက်ခံ PNO ပြည်သူ့စစ်များသည် ဘောရန်းအပေါ်ရွာကို ယမန်နေ့ အောက်တိုဘာ ၁၃ရက်နေ့၊ ညနေ၄နာရီအချိန်မှစကာ ယခု အောက်တိုဘာ၁၄ရက် နံနက်ပိုင်းအထိ နေအိမ်များကို မီးတင်ရှိူ့နေခြင်းဖြစ်သည်။
“အပေါ်ရွာရော အောက်ရွာရောရှို့ခံရတာ။ ကြားတာတော့ အိမ်အကုန်ပြောင်အောင်မီးရှို့ရမယ်၊ မရှို့ခင် အိမ်ထဲက ရသမျှတန်ဘိုးရှိ တာတွေ အကုန်ယူဖို့ပြောတယ် ကြားတယ်။ မီးက တစ်အိမ်နဲ့တစ်အိမ်ကူးတာရော၊ ထပ်ရှို့တာရော အဝေးက မြင်ရတာကို မီးလောင်နေတုန်းပဲ။ ရွာခံတွေကတော့မရှိတော့ပါဘူး။ လွတ်ရာကျွတ်ရာပြေးနေကြပြီ” ဟု နယ်မြေခံသတင်းအရင်းအမြစ်က မဲခေါင်သို့ပြောသည်။
ယင်းနယ်မြေမှာ တော်လှန်ရေးဘက်မှ KNDFနှင့် ရှမ်းတောင်အမှတ် ၁၀၀၆၊ ၁၀၀၇ PDF တပ်ရင်းများ၏ စစ်ရေးနယ်မြေဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၇ရက် တောင်မဲသင်းရွာတိုက်ပွဲ အပြီးမှစ၍ မြောက်စလုံးရွာကို စစ်ကောင်စီနှင့် PNO က မီးရှို့ခဲ့ပြီး ယခု ဘောရန်းရွာကို ရွာလုံးကျွတ် မီးရှီု့ဖျက်ဆီးနေခြင်းဖြစ်သည်။
ဘောရန်းရွာ ၂ရွာပေါင်းတွင် အိမ်ခြေ၁၀၀ ကျော်ရှိပြီး လူဦးရေ၆၀၀ ကျော်နေထိုင်ကာ ပြည်သူများ ဖယ်ခုံတောင်ပိုင်းနှင့် ဒီးမော့ဆို အနောက်ခြမ်းဘက်သို့ စစ်ရှောင်ကြရကြောင်း ဒေသခံများထံမှ သိရသည်။
Photo Credit – Nge Lay
#MeKongNews
#ဖယ်ခုံမြို့နယ်
#ဘောရန်းရွာ
#စစ်ကောင်စီ
#PNO
#ရွာလုံးကျွတ်မီးရှို့








