မဲခေါင်၊ အောက်တိုဘာ ၁၀
ကျင်းပပြီးစီးသွားသည့် ဖောင်တော်ဦးဘုရားပွဲဈေးတန်းမှ သိမ်းဆည်းထားသည့် အမှိုက်များကို အမှိုက်ကားဖြင့် မသိမ်းဆည်းဘဲ ညောင်ရွှေမြို့လယ်ခေါင်၊ မြို့တော်ခန်းမရှေ့တွင် မီးပုံရှို့ခဲ့ရာ ညှော်နံ့များကြောင့် ပတ်ဝင်းကျင်နေသူများ အနှောက်အယှက်ဖြစ်နေကြောင်း သိရသည်။
ညောင်ရွှေမြို့တွင် အမှိုက်သိမ်းစနစ်အား တာဝန်ယူထားသည့် ကုမ္ပဏီရှိသော်လည်း ပွဲတော်အမှိုက်တာဝန် ကန်ထရိုက်ယူထားသည့် စည်ပင်အင်ဂျင်နီယာ မေသဇင်ထက် ဆိုသူက အမှိုက်သိမ်းကားဖြင့် မသိမ်းဘဲ အလွယ်တကူ မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း၊ မီးမရှို့ရန် သွားရောက်ကန့်ကွက်သူများကိုလည်း ရိုင်းစိုင်းစွာ ပြန်ပြောလွှတ်ကြောင်း ပတ်ဝန်းကျင်နေသူတစ်ဦးက ပြောသည်။
“မြို့ဘုရားပွဲပြီးသွားတော့ အမှိုက်သရိုက်၊ အညစ်အကြေးပေါင်းစုံ ပွဲစျေးတန်းအမှိုက်ပေါင်းစုံ ကျန်ခဲ့တယ်။ အဲဒီမှာအမှိုက်တွေကို မသိမ်းဘဲနဲ့ တွေ့တဲ့နေရာမီးပုံရှို့တာ မြို့လည်ခေါင် မြို့တော်ခန်းမရှေ့မှာ။ စည်ပင်က အင်ဂျင်နီယာမက အမှိုက်သိမ်းဖို့မီးရှို့တာ တိုင်ချင်တဲ့နေရာတိုင်၊ ငါတို့စစ်တပ်ထဲမှာ ဒီလိုပဲမီးရှို့နေတာ ဘာမှမဖြစ်ဘူး ဆိုပြီး ဆဲလွှတ်လိုက်တယ်” ဟု ၎င်းက ပြောပြသည်။
ညောင်ရွှေမြို့၊ နန္ဒဝန်ရပ်ရှိ မြို့တော်ခန်းမ ပတ်ဝန်းကျင်ရှိ နေထိုင်သူများထဲတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ရောဂါခံစားနေရသူများလည်းရှိရာ အမှိုက်မီးရှို့သည့် ညှော်နံ့မှာ များစွာဒုက္ခပေးနေကြောင်း ဒေသခံများက ပြောသည်။
ညောင်ရွှေမြို့ပေါ်ရပ်ကွက်များကို ထွေအုပ်ရုံးမှ အိမ်တွင်းအမှိုက်မီးမရှို့ဘဲ အင်းလေးနှင်းဆီ အမှိုက်သိမ်းကုမ္ပဏီက အပတ်စဥ်အမှိုက်သိမ်းကားဖြင့်သာ အမှိုက်များပစ်ကြဖို့ စာထုတ်ထားသော်လည်း စည်ပင်က မီးရှို့နေခြင်းဖြစ်သည်။
ပွဲတော်အမှိုက် ကန်ထရိုက်ယူထားသည့် မြို့နယ်စည်ပင်မှ အင်ဂျင်နီယာ ဒေါ်မေသဇင်ထက်က ၎င်း၏အမျိုးသားမှာ ရွှေညောင်မြို့၊ စစ်တပ်တစ်ခုမှ စစ်ဗိုလ်ဖြစ်သည်ဟုဆိုပြီး ခြိမ်းခြောက်တတ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ညောင်ရွှေမြို့နယ်တွင်း ၂၁ ဌာန ဒေသစာရီ ကြွချီတော်မူသည့် အင်းလေးဖောင်တော်ဦးပွဲတော်အား စက်တင်ဘာလ ၂၂ ရက်နေ့မှ အောက်တိုဘာ ၉ ရက်နေ့အထိ ၁၈ ရက်ကျင်းပခဲ့ပြီး ယမန်နေ့က အင်းလေးရှိ မူလစံရာ ဖောင်တော်ဦးဘုရား မူလစံကျောင်းတော်သို့ ပြန်ကြွခဲ့ပြီးနောက် ညောင်ရွှေမြို့ပေါ်တွင် ရှင်းလင်းရေးများပြုလုပ်နေခြင်းဖြစ်သည်။
#MeKongNews
#ညောင်ရွှေ
#စည်ပင်
#မီးရှို့








