မဲခေါင်၊ အောက်တိုဘာ ၁၀
ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် စစ်ကောင်စီဖွဲ့ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်တစ်ဦးကို ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ရွာငံမြို့နယ်တွင် ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။
အောက်တိုဘာ ၆ ရက်တွင် ရွာငံမြို့နယ်၊ မြို့ကုန်းရပ်ကွက်၌ သတ်ဖြတ်ခံရခြင်းဖြစ်ပြီး ရွာငံမြို့နယ်၊ ကျန်တောကျေးရွာအုပ်ချုပ်ရေးမှူး ဦးဘမွှေးနှင့် မြသိန်းတန်ကျေးရွာနေ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင် ဦးမျိုးကျော် (ခ) အမောင်တို့ဖြစ်ကြောင်း သိရသည်။
သတ်ခံရသူ ၂ ဦးမှာ အုပ်ချုပ်ရေးမှူး ဦးဘမွှေး၏ ဝက်လိုင်စင် (စီ) လုပ်ငန်းလုပ်ကိုင်သည့် မြို့ကုန်းရပ်ကွက်ရှိ နေအိမ်၌ ရှိနေစဉ် လူတစ်စုရောက်ရှိလာပြီး ၎င်းတို့ကို လက်ပြန်ကြိုးတုပ်ဖမ်းဆီးကာ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“PDF တွေလို့ ပြောကြတာပဲ။ ဟုတ်၊ မဟုတ် မသိနိုင်ဘူး။ တပ်နဲ့ ရဲတွေ စစ်ကြောင်းနဲ့ တောနင်းလိုက်နေကြတယ်။ တွေ့တယ်တော့ မကြားသေးဘူး” ဟု ရွာငံဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွာငံဒေသလှုပ်ရှား PDF အဖွဲ့များသို့ မဲခေါင်သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားမှု မရှိသေးပေ။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းကလည်း ရွာငံမြို့နယ်၊ သိမ်ကုန်းကျေးရွာမှာ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်လွင်နှင့် ဇနီးဖြစ်သူ ဒေါ်ဖြူ တို့ကို နေအိမ်အတွင်းထိ သေနတ်ဖြင့် ဝင်ရောက်မှု ဖြစ်ပွားခဲ့သေးသည်။
ရွာငံမြို့နယ်အတွင်း စစ်ကောင်စီနှင့်ပျုစောထီးများ စစ်ကြောင်းထိုးနေသည့်ကြားမှ ယခုလို စစ်ကောင်စီထောက်တိုင်များ ရှင်းလင်းခံနေရသဖြင့် စစ်ကောင်စီတပ်နှင့်ရဲက ရွာငံမြို့၏ မြို့ဝင်၊ မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးရန်အလိုရှိနေသည့် PDF တပ်ဖွဲ့ဝင်များ၏ ဓာတ်ပုံများကို ချိတ်ဆွဲကြေညာထားကြောင်း ဒေသခံများထံမှ သိရသည်။
#MeKongNews
#ရွာငံ
#ရပ်ကျေးအုပ်ချုပ်ရေးမှူး
#မြို့ကုန်းရပ်ကွက်
#ကျန်တောကျေးရွာ
#ဦးဘမွှေး








