မဲခေါင်၊ စက်တင်ဘာ ၂၄
မြို့နယ်အတွင်း အားကစားကဏ္ဍတိုးတက်ရန်အတွင် အားကစားပွဲများ ပြုလုပ်ပေးခြင်း မရှိသည့် မြို့နယ်အားကာမှူး နေရာတွင် အားကစားကျွမ်းကျင်သူတစ်ဦးကို အစားထိုးခန့်အပ်ပေးရန် ရှမ်းပြည်တောင်ပိုင်း၊ မိုးနဲမြို့နယ်ဒေသခံများက လိုလားကြောင်း ယင်းမြို့နယ် ဒေသခံများက မဲခေါင်သို့ ပြောသည်။
လက်ရှိမိုးနဲအားကာမှူး နန်းသန်းသန်းစိုးမှာ လုပ်သက်၂၀ခန့်ရှိနေသော်လည်း လွန်ခဲ့သည့် ၅နှစ်ခန့်မှစကာ အားကာမှ ဦးစီကာ ရပ်ကွက်အဆင့် ဘောလုံးပွဲပင် ကျင်းပခဲ့ခြင်းမရှိတော့သလို အထက် ခရိုင်၊ ပြည်နယ်ပွဲများကိုလည်း လူငယ်များထဲမှ ကြိုးစားသူ၊ တော်သူများကို မရွေးချယ်ဘဲ ၎င်းနှင့်နီးစပ်ရာအဆင်ပြေသူများကိုသာ ရွေးချယ်ခေါ်ယူသွားသည့်အတွက် မြို့ခံများက ဝေဖန်နေကြခြင်းဖြစ်သည်။
“ဘောပွဲက ရပ်ကွက်တွေက ဝတ်စုံကြေးကောက်ပြီး ထောက်ပံ့ပေးတယ်။ အာကားမှူးက ပွဲမလုပ်ပေးဘူး။ မဖြစ်မနေဆိုတဲ့ ကျောင်းပွဲလောက်ပဲလုပ်တယ်။ ဘေးနားက လင်းခေး၊ နမ့်စန်တွေမှာ ဘောပွဲတွေ တခြိမ်းခြိမ်းလုပ်နေတာ၊ သူက ဘာမှမလုပ်ဘူး။ အထက်အဆင့်သွားကန်ရတော့လည်း သူနဲ့သင့်သူသာခေါ်သွားတယ်။ ပြီးတော့ ရှူံးလေကောင်းလေတဲ့။ သူက ဘာအားကစားနည်းမှမတတ်တော့ မလုပ်တာတာ ရွာနာလို့၊ တကယ်ကျွမ်းကျင်သူ အစားထိုးခန့်စေချင်တာ။ ဒါမှ လူငယ်တွေလမ်းမှား မရောက်ဖို့ အားကစားနဲ့ထိန်းနိုင်မှာ” ဟု မိုးနဲဒေသခံတစ်ဦးက မဲခေါင်သို့ ပြောသည်။
ယင်းအားကာမှူး၏ ဖခင်မှာ ကျောင်းဆရာ အုပ်ချုပ်သူအဖြစ်လိုက်ပါသည့် ၁၉၉၇ ခုနှစ် နမ့်စန်ဘောလုံးပွဲတွင် မိုးနဲ့အသင်းက ၂ဂိုး၁ဂိုးဖြင့်အနိုင်ရသည်တွင် ဝမ်းသာရာမှ နှလုံးထိခိုက်ပြီးသေဆုံးခဲ့ရသည့်အပေါ် မြို့လူထုက ဂရုဏာသက်ပြီး သမီးဖြစ်သူကို ထောက်ခံအားပေးခန့်အပ်နိုင်ရန် ကြိုးပမ်းခဲ့ကြ ခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။
“ပုဂ္ဂိုလ်ရေးမရှိကြပါဘူး။ အခြားမြို့ရွာတွေမှာ အားကစားကို ဖိဖိစီးစီးနဲ့လုပ်ပေးနေလို့ လူငယ်တွေ ပျော်ရွှင်နေကြတာလို ကိုယ့်မြို့လည်း ဖြစ်စေချင်ကြတာပါ။ သူက တစ်လကို ပြည်နယ်အစည်းအဝေး မကြာခဏတက်ပေမယ့် မြို့မှာ ပြန်လုပ်တာမရှိလို့ ခုလို ဝေဖန်ခံရတာ။တကယ်က အားကစားနည်းစနစ်တွေမှာ ထုပ်စီးတိုးတောင်သူမတတ်တာက ခက်နေတာ” ဟု မြို့ခံ တစ်ဦးကပြောသည်။
မြို့နေပြည်သူများ မနှစ်သက်သည့် အဓိကအချက်မှာ အားကာမှူးသည် အားကစား နည်းစနစ်ပိုင်းမကျွမ်းကျင်ခြင်း၊ မြို့အတွက်အားကစားအခွင့်အလမ်းပွဲများ ပြုလုပ်ပေးမှုမရှိခြင်းနှင့် ဘောလုံးအားကစားကို မြေတောင်မြှောက်ပေးပြီး လူတော်များကို ရွေးချယ်ရမည့်အစား လက်သင့်ရာစားတော်ခေါ် လုပ်ဆောင်နေမှုများကြောင့်ဖြစ်ပြီး မြိုနယ်အားကစားကဏ္ဍ ပိုမို ဖွံ့ဖြိုးစေလိုကြသည်ဟု ဒေသခံများက မဲခေါင်သို့ ပြောသည်။
လက်ရှိ မြို့နဲမြို့တွင် လူငယ်များအတွက် ပိုက်ကျော်ခြင်း ကစားရသည်မှလွဲ၍ ရပ်ကွက်ဘောလုံးပွဲအပါအဝင် အခြား ပြေးခုန်ပစ်ပွဲများ၊ ကြက်တောင်၊ ဘော်လီဘောစသည်များ မပြုလုပ်ဖြစ်သည်မှာ ၅နှစ်ခန့်ရှိနေပြီဖြစ်ကြောင်း မြို့နေလူထုပြောကြားချက်အရ သိရသည်။
#MeKongNews
#မိုးနဲမြို့နယ်
#အားကစား
#အားကာမှူး
#ဘောလုံး








