မဲခေါင်၊ စက်တင်ဘာ ၂၃
စစ်ကောင်စီက ပြန်ထိန်းချုပ်ထားနိုင်ပြီဟု ဆိုသည့် ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့အနီးရှိ နောင်ပိန်ကျေးရွာရှိ ဆိုင်ခန်းများ ဖောက်ထွင်းခံထားရပြီး ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ခွင့် မရရှိသေးကြောင်း ဒေသခံတချို့က အတည်ပြုသည်။
ကျောက်မဲမြို့အနီးရှိ နောင်ပိန်ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဩဂုတ်လကတည်းက တအောင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီက ထိန်းချုပ်နိုင်ခဲ့သလို နောင်ချို-ကျောက်မဲကြားရှိ ဂုတ်တွင်းကားလမ်းကိုလည်း ပြင်ဆင်အသုံးပြုခဲ့သည်။
“ဒေသခံတွေကို ပေးမဝင်သေးပါဘူး။ အသေးစိတ်တော့ မသိဘူး။ ပြီးခဲ့တဲ့ ၁၆ ရက်နေ့ကတည်းက ဈေးဖွင့်လိုက်တာလို့တော့ သိရပါတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီ ထိန်းချုပ်ထားသည် ဆိုသည့် နောင်ပိန်းရွာအတွင်းရှိ ဈေးဆိုင်တချို့ ဖောက်ထွင်းခံရသည့် ဓါတ်ပုံများ ပေါ်ထွက်လာနေပြီး ဆိုင်ခန်းအများစု၏ ရှေ့တွင် ပြန့်ကျဲနေသည်ကို တွေ့ရကာ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က ရိုက်ကူးထားကြောင်း သိရသည်။
နောင်ပိန်ရွာကို စစ်ကောင်စီက ထိန်းချုပ်လိုက်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလဆန်းကတည်းက လူစိမ်းတွေ ဝင်ရောက်လာပြီး ပစ္စည်းတွေ ယူဆောင်မှု ရှိနေကြောင်း သတင်းများ ပေါ်ထွက်နေသော်လည်း မည်သူကမှ အတည်ပြုနိုင်ခြင်း မရှိခဲ့သော်လည်း ယခုဓါတ်ပုံများ ပေါ်ထွက်လာချိန်တွင် ဖောက်ထွင်းခံရမှုတို့ ရှိနေကြောင်း သိရှိရခြင်း ဖြစ်သည်။
နောင်ပိန်ရွာနေ ဒေသခံတစ်ဦးကလည်း လက်ရှိအချိန်ထိ နောင်ပိန်ရွာအတွင်းကို ဒေသခံပြည်သူများ ဝင်ရောက်နေထိုင်ခွင့် မရရှိသေးကြောင်း အတည်ပြုထားသည်။
ကျောက်မဲမြို့နယ်အနီးတဝိုက်မှ စစ်ဘေးရှောင်ပြည်သူများသည် နေရပ်ကို စွန့်ခွာကာ သီပေါ၊ လားရှိုးတို့ကဲ့ နေရာများသို့သာမက SSPP ထိန်းချုပ်ထားသည့် ဒေသများသို့ တိမ်းရှောင်နေကြရပြီး အကူအညီများ လိုအပ်နေဆဲ ဟု ဒေသခံ ပရဟိတအသင်းအဖွဲ့တို့က ထုတ်ပြန်ထားသည်။
ဖေသန်း
#MeKongNews
#နောင်ပိန်ရွာ
#ရှမ်းပြည်မြောက်ပိုင်း
#ကျောက်မဲမြို့နယ်
#ဖောက်ထွင်းခံရမှု








