မဲခေါင်၊ စက်တင်ဘာ ၂၁
UWSA ၏ မြေရှားသတ္တုတွင်းများ၏ အောက်ဘက်တွင် ရှိနေသောကြောင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းခတ်မြို့နယ်တွင် ယခု မိုးရာသီအတွင်း နုံးတင်ရေကြီးများ မကြာခဏဖြစ်ပွားမှုကြောင့် လယ်ယာမြေများ ပျက်စီးရခြင်းဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် – SHRFက စက်တင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။
မိုင်းခတ်မြို့နယ်ရှိ နမ့်လွေမြစ်တစ်လျှောက်မှ လယ်ယာမြေ ဧကပေါင်းများစွာသည် ၂၀၂၅ ခုနှစ် ဇူလိုင်လ နှောင်းပိုင်းမှ စ၍ သြဂုတ်လ ၁၀ ရက်နေ့အထိ ၃ ကြိမ်မျှ နုံးတင်ရေကြီးမှုကြောင့် ဒေသခံများ၏ စိုက်ပျိုးသီးနှံများ ပျက်စီးခဲ့ရသဖြင့် တောင်သူများ၏ အကျိုးစီးပွား များပြားစွာ ထိခိုက်ခဲ့ရသည်ဟု SHRF က ဆိုသည်။
“ဒီနုံးတင်ရေကြီးမှုတွေဟာ မြေရှားသတ္တုတူးဖော်မှုတွေတွေကြောင့် ထိုင်းနိုင်ငံသာမက ရှမ်ပြည်ရဲ့ ပြည်သူလူထုကို အကျိုးမပြုဘဲ ပျက်စီးစေနေတာကို မီးမောင်းထိုးပြနေပါတယ်။ ဒါကြောင့် မြေရှားသတ္တုတူးဖော်မှုကို အမြန်ဆုံးရပ်တန့်ပေးနိုင်ဖို့ တောင်းဆိုပါတယ်” ဟု SHRF မှ ယိင်းလျန်းဟန်က မဲခေါင်သို့ ပြောသည်။
ယင်းနုံးတင်ရေကြီးရာဒေသသည် UWSA ထိန်းချုပ်နယ်မြေ မိုင်းပေါက်ဒေသရှိ မြေရှားသတ္တုတွင်းများ၏ အောက်ဘက် ကီလိုမီတာ ၂၀ ခန့်အကွာတွင် တည်ရှိသည်ဟု ဆိုသည်။
ယင်းနုန်းတင်ရေကြီးမှု ဖြစ်စဥ်များမှာ ဇူလိုင်လ ၂၇ ရက်၊ အောက်တိုဘာ ၅ ရက်နှင့် ၁၀ ရက်နေ့များတွင် ဖြစ်ပွားခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နမ့်လွေမြစ် ရေလျှံတက်ခဲ့ပြီး မြစ်ကမ်းနှစ်ဘက်ရှိ လယ်ကွင်းများကို ၂ မီတာအနက်အထိ ရေလွှမ်းမိုးခဲ့ပြီး ၃ ရက်အကြာ ရေပြန်ကျသွားသောအခါ ရေလွှမ်းမိုးခဲ့သော လယ်ကွင်းများ၏ ထက်ဝက်ခန့်တွင် စင်တီမီတာ ၆၀ အနက်ရှိသော နုံးမြေများ ကျန်ရစ်ခဲ့ပြီး ဒေသထွက်သီးနှံများ ဖြစ်သည့် အဓိကအားဖြင့် စပါး၊ ပြောင်း၊ မြေပဲနှင့် ပဲပုပ်တို့ကို ပျက်စီးစေခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်သူများက ရွှံ့နွံဖုံးလွှမ်းခြင်း မရှိသော လယ်ကွင်းများတွင် သီးနှံများကို ပြန်လည်စိုက်ပျိုးခဲ့ကြသော်လည်း နမ့်လွေမြစ် ထပ်မံရေကြီးမှုက နုံးမြေအသစ်များကို သယ်ဆောင်လာခဲ့ပြီး အသစ် စိုက်ပျိုးထားသော သီးနှံများကို ၃ ရက်ကြာ ရေဖုံးလွှမ်းကာ ထပ်မံပျက်စီးခဲ့ရသည်ဟု ဆိုသည်။
တောင်သူများက ၎င်းတို့၏သီးနှံများကို ထပ်မံ၍ ပြန်လည်စိုက်ပျိုးရန် ကြိုးစားခဲ့ကြသော်လည်း ဩဂုတ်လ ၁၀ ရက်နေ့တွင် နမ့်လွေမြစ်ရေ ထပ်မံကြီးခဲ့ကာ အသစ်စိုက်ပျိုးထားသော လယ်ကွင်းများမှာ နောက်တစ်ကြိမ် ပျက်စီးသွားခဲ့သည် ဟု သိရသည်။
ဒေသခံများ၏ ပြောကြားချက်အရ ယခုနှစ်ကဲ့သို့ နုံးမြေများကြောင့် ဖြစ်သော ပျက်စီးမှုများကို ယခင်က မကြုံဖူးကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ဇူလိုင်လနှင့် အောက်တိုဘာလကြားတွင် နမ့်လွေမြစ်ရေကြီးမှု ဆိုးရွားခဲ့ပြီး မိုင်းခတ်မြို့တွင် ရေအနက် နှစ်မီတာအထိ ရေလွှမ်းမိုးခဲ့သော်လည်း ရွှံ့နွံအကြွင်းအကျန်များ မရှိခဲ့သောကြောင့် သီးနှံများ ပျက်စီးမှုမရှိခဲ့ ဟု ဒေသခံများက ပြောသည်။
မိုင်းပေါက်ဒေသတွင် မကြာသေးမီက မြေရှားသတ္တုတွင်းများ တိုးချဲ့လာခြင်းနှင့် ၎င်းသတ္တုတွင်းများမှ စွန့်ပစ်ရေများသည် မိုင်းခတ်မြို့ အထက်ပိုင်းရှိ နမ့်လွေမြစ်ထဲသို့ စီးဝင်သော ချောင်းများထဲသို့ အဓိက စီးဆင်းနေသည်ကို ကြည့်ခြင်းအားဖြင့် နမ့်လွေမြစ်အတွင်း အနည်အနှစ်ပမာဏ မြင့်တက်လာရခြင်းမှာ ယင်းသတ္တုတွင်းများကြောင့် ဖြစ်သည်ဟု SHRF က ယူဆသည်။
မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်းများသည် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသော in-situ leaching နည်းဖြင့် ဓာတ်သတ္တုရည်ဖျော်ထုတ်သည့် နည်းလမ်းများကို အသုံးပြုနေပြီး၊ ၎င်းတွင် တောင်စောင်းများ၏ နေရာအနှံ့အပြားသို့ ဓာတုပစ္စည်းများ ထိုးသွင်းခြင်း ပါဝင်သောကြောင့် သစ်တောများ အကြီးအကျယ် ပြုန်းတီးမှုနှင့် မြေပြိုကျမှုများကို ဖြစ်ပေါ်စေသည်ဟု ယခုထုတ်ပြန်ချက်တွင် SHRF က ဝေဖန်ထောက်ပြထားသည်။
‘ဝ’ သတင်းဌာန (Wa News Land) ၏ သတင်းတစ်ပုဒ်အရ ဩဂုတ်လ ၉ ရက်နေ့က မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်းတစ်ခုတွင် သတ္တုတွင်းအလုပ်သမားတစ်ဦး မြေပြိုမှုတွင် သေဆုံးခဲ့ကာ သူ၏ရုပ်အလောင်းကို မြေပြိုပြီး နောက်တစ်နေ့တွင် ပြန်လည်တွေ့ရှိခဲ့သည်ဟု ပါရှိသည်။
မိုင်းခတ်မြို့၏ မူလနေထိုင်သူအများစုမှာ ရှမ်းလူမျိုးများဖြစ်ကြပြီး စိုက်ပျိုးရေးကို အဓိက အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြစ် အားထားကြသည်။
မိုင်းခတ်မြို့သည် စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး မြို့အနီးတွင် တြိဂံတိုင်းစစ်ဌာနချုပ် လက်အောက်ခံဖြစ်သည့် စစ်ဆင်ရေးကွပ်ကဲမှုဗျူဟာတပ်တစ်ခု၊ ခြေမြန်တပ်ရင်း (ခမရ) ၂၂၇၊ ခြေလျင်တပ်ရင်း (ခလရ) ၃၂၇၊ ခြေ လျင်တပ်ရင်း (ခလရ) ၃၂၈ နှင့် အမြောက်တပ်တို့ တပ်စွဲထားသည်။
လွေမြစ်သည် မိုင်းခတ်မြို့ကို ဖြတ်သန်းစီးဆင်းပြီးနောက် ကျိုင်းတုံမြို့နယ်နှင့် မိုင်းလားမြို့နယ်ကြားမှ ဆက်လက် စီးဆင်းသည်။ ထို့နောက် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအဖွဲ့) ထိန်းချုပ်ရာ မိုင်းယောင်း မြို့ နယ်ကို ဖြတ်သန်းကာ ဆွပ်လွေတွင် မဲခေါင်မြစ်အတွင်းသို့ စီးဝင်သွားသည်။ မိုင်းပေါက်ရှိ မြေရှားသတ္တုတွင်း များအပြင်၊ NDAA (မိုင်းလားအဖွဲ့) ထိန်းချုပ်နယ်မြေအတွင်း လွေမြစ်ထဲသို့ စီးဝင်နေသည့် အခြားမြေရှားသတ္တုတွင်း ၁၉ ခု ရှိနေသေးသည်ဟု SHRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#MeKongNews
#မိုင်းခတ်မြို့
#မြေရှားသတ္တု
#ရှမ်းပြည်အရှေ့ပိုင်း
#UWSA
#NDAA








