– ဦးဝင်းနိုင် (မိုးလေဝသပညာရှင်)
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေ
အပူပိုင်းမုန်တိုင်းအခြေအနေကြောင့် ရှမ်းပြည်အတွင်း စက်တင်ဘာလ ၂၂ ရက်နေ့မှ စတင်ကာ မိုးများနိုင်ပြီး ရုက်တရပ် မိုးသည်းထန်မှုတို့ကြောင့် တောင်စောင်းမြေပြိုမှုတို့ ရှိလာနိုင်သည်။
– ဖိလစ်ပိုင်ပင်လယ်တွင် ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း RAGASA (24W)သည် အနောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး ထိုင်ဝမ်ကျွန်းနှင့် ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းမှ ဖြတ်သန်းကာ တောင်တရုတ်ပင်လယ်ထဲကို စက်တင်ဘာ ၂၂ ရက် နေ့လည်ပိုင်းတွင် စတင်ဝင်ရောက်လာနိုင်သည်။
– တောင်တရုတ်ပင်လယ်သို့ စတင်ဝင်ရောက်ချိန်တွင် CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်အထိ ရောက်ရှိလာပြီး CAT-4 အဆင့် အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်း VIOLENT TYPHOON ဖြစ်လာနိုင်သည်။
– JTWC ခန့်မှန်းချက်အရ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားပြီး စက်တင်ဘာ ၂၄ ရက် မြန်မာအချိန် နေ့လည်ပိုင်းတွင် တရုတ်ပြည်ကမ်းခြေကို ဟောင်ကောင်၏ အနောက်ဘက်မှ CAT-3 တိုင်ဖွန်းမုန်တိုင်းအဆင့်(လေတိုက်နှုန်း တနာရီ ၁၁၅ မိုင်နှုန်းဖြင့်) ဖြတ်ကျော်ဝင်ရောက်နိုင်မည် ဟု ခန့်မှန်းထားသည်။
– မုန်တိုင်း၏ လက်ရှိအရွယ်အစားမှာ အချင်းမိုင် ၂၅၃ မိုင်ခန့်(220 nautical miles) ရှိနေပြီး၊ တောင်တရုတ်ပင်လယ်ထဲကို ဝင်လာပြီးပါက လက်ရှိ အရွယ်အစား(အချင်းမိုင်)ပိုမိုကြီးမားလာနိုင်သည်။
– ကပ္ပလီပင်လယ်မြောက်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ကမ်းရီုးတန်းအနီး 3.1 km(အမြင့်ပေ ၁၀၀၀၀ ကျော်)သည် လေပွေလှိုင်း(UACC)တခု စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်ဖြစ်ပေါ်နေပြီး၊ အနောက်မြောက်ဘက်မှတဆင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့ ဆက်လက်ရွေ့လျားသွားနိုင်သည်။
ရှမ်းပြည်အတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေ
– ရှမ်းပြည် မြောက်ပိုင်းရှိ လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲ မြို့နယ်များတွင် မုန်တိုင်းအကြွင်းအကျန်ကြောင့် သက်ရောက်မှု နည်းပါးနိုင်သော်လည်း မုတ်သုံအားကောင်းခြင်းကြောင့် နေ့စဉ် ၀.၅ လက်မ မှ ၁ လက်မဝန်းကျင်ခန့်မိုးရွာနိုင်ပြီး ၇ ရက်မိုးရေချိန်ပေါင်း ၃ လက်မခွဲမှ ၄ လက်မခန့်ရွာသွန်းနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်း လာအိုနှင့် ထိုင်းနယ်စပ်အနီးဒေသရှိ တာချီလိတ်၊ ကျိုင်းတုံနှင့် မိုင်းဆတ်မြို့နယ်တို့တွင် မုန်တိုင်း MITAG အကြွင်းအကျန်နှင့် တိုင်ဖွန်းမုန်တိုင်း RAGASA တို့၏ အရှိန်သက်ရောက်မှုများကြောင့် ယခုတပတ်အတွင်း နေ့စဉ် ၂၄ နာရီမိုးရေချိန် ၄၀ မီလီမီတာအထက်(၁.၆ လက်မခန့်)ရွာသွန်းနိုင်ပြီး စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း မိုးများနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်းဒေသများရှိ တောင်ကြီး၊ ညောင်ရွှေ၊ ကလောနှင့် ပင်လောင်းမြို့နယ်များတွင် စက်တင်ဘာ ၂၃ မှ ၂၅ ရက်အတွင်း မိုးသည်းထန်နိုင်ပြီး၊ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏ ၅.၁၂ လက်မခန့် ရှိနိုင်သည်။
– ရှမ်းပြည်အရှေ့ပိုင်းနှင့် တောင်ပိုင်းဒေသအတွင်းရှိ တောင်စောင်း/မြေပြန့်စိုက်ခင်းများ၌ ရုတ်တရက် မိုးသည်းထန်ခြင်းကြောင့် စိုက်ခင်းများယာယီရေလွှမ်းနိုင်(Waterlogging)ဖြစ်နိုင်ပြီး မြေဆီလွှာတိုက်စားပျက်စီးမှုများ(Soil erosion)ဖြစ်နိုင်သည်။
– ရှမ်းပြည်အတွင်း မုန်တိုင်းအကြွင်းအကျန်များဝင်ရောက်သည့်အခါ Orographic effect ကြောင့် မိုးတိမ်များ၊ ရေခိုးရေငွေ့များကို တောင်ထိပ်လေအေးများနှင့် ထိတွေ့စေပြီး မိုးရွာသွန်းခြင်းကို တွန်းအားပေးနိုင်သဖြင့် တောင်ကြီး၊ ကလော၊ ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်များ၏ တောင်စောင်းများတွင် မိုးရွာသွန်းမှုကို ပိုမိုဖြစ်စေနိုင်သည်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
– ယခု ၁ ပတ်အတွင်း ရှမ်းပြည်မြောက်ပိုင်းနှင့် အရှေ့ပိုင်းများတွင် အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၂°C ခန့် ရှိနိုင်သည်။
– ရှမ်းပြည်တောင်ပိုင်းတွင်မှု အမြင့်ဆုံးနေ့အပူချိန် ၂၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C အထိရှိနိုင်သည်။
– ရှမ်းပြည်တခွင်တွင် ယခု ၁ ပတ်အတွင်း တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၈ မိုင်ခန့်ရှိနိုင်ပါသည်။
– ရှမ်းပြည်၏ လေထုစိုထိုင်းဆအခြေအနေများမှာ ရှမ်းပြည်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ၈၀% မှ ၁၀၀% ကြားတွင် ရှိနေနိုင်ပြီး၊ ရှမ်းပြည်အရှေ့ပိုင်းဒေသများတွင် ၅၀% မှ ၉၀% ကြားတွင် ရှိနေနိုင်သည်။
– လေထုစိုထိုင်းဆမြင့်မားချိန်တွင် ခံစားရသည့် အပူချိန် (Feels Like Temperature) သည် ၃၃°C ခန့်ရှိနေနိုင်သည်။
ရှမ်းပြည်တခုလုံးတွင် လေထုညစ်ညမ်းမှုအခြေအနေနှင့်စပ်လျဉ်း၍ စိုးရိမ်စရာမရှိပေ။
#MeKongNews
#မိုးလေဝသခန့်မှန်းချက်
#ဦးဝင်းနိုင်
#ရှမ်းပြည်








