မဲခေါင်၊ စက်တင်ဘာ ၁၆
ကျိုင်းတုံမြို့ကို ဖြတ်သွားသည့် ကုန်တင်ယာဉ်များထံမှ ငွေအဆမတန်တောင်းခံနေသည့် ခရိုင်ဒုစရိုက်နှိမ်နှင်းရေးတပ်ဖွဲ့ (ဒန)မှ အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ဖုန်းမြင့်ထူးကို ဒနခေါင်းဆောင်အဖြစ်မှ အရာချကာ လုပ်ပိုင်ခွင့်မရှိသည့် ခရိုင်ရဲရုံးတွဲဖက်အဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
“အရာချပြီး ခရိုင်ရုံးတွဲဖက်ပြောင်းလိုက်တာဆိုတော့ ဘာမှ လုပ်ပိုင်ခွင့်မရှိတော့ဘူး။ ပြည်သူကို နှိပ်စက်နေတဲ့ ဝန်ထမ်းဆိုးတွေကို အခုလို အရေးယူတာ ကောင်းပါတယ်” ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
၎င်းဒုရဲအုပ်သည် ယခင်က ကုန်ကားတစ်စီးလျှင် ကျပ်၃သောင်း တောင်ခံနေရာမှ ၎င်းတာဝန်ကျချိန်တွင် ကျပ်တစ်သိန်းစီအထိ ကောက်ခံခြင်း၊ စကားပြောဆိုဆက်ဆံရာတွင်လည်း မောက်မာရိုင်းစိုင်းခြင်းများကြောင်း ယာဉ်မောင်းများကြား နာမည်ကြီးသူဖြစ်သည်။
“အရင် ဒန ရဲအုပ်က တစ်စီး၃ သောင်းကောက်တာ။ အခု အဲ့လူပြောင်းသွားပြီး အသစ် ရောက်လာတာ။ မင်းတို့ ကျေနပ်ရင်ထွက် မကျေနပ်ရင်ရပ်ထား ဆိုပြီး မိုက်ကြေးခွဲပါတယ်။ တိုင်ချင်တဲ့ နေရာတိုင် ဆိုပြီး ပြောပါတယ်” ဟု ကိုယ်တွေ့ကြုံရသည့် ကားသမားတစ်ဦးက ပြောသည်။
ကျိုင်းတုံမြို့ကို ဖြတ်သွားသည့် ၁၂ ဘီးကုန်တင်ကာများမှာ နှမ်း၊ နေကြာ၊ ကုန်အစုံနှင့် စားကုန်၊ အလှကုန်၊ မီးဖိုချောင်သုံး၊ အိမ်ဆောက် ပစ္စည်းများသာ တင်ဆောင်နေခြင်းကြေင်း ကားသမားများထံမှ သိရသည်။
ဒုရဲအုပ် ဖုန်းမြင့်ထူးမှာ မြို့နယ်ဂျင်ဝိုင်း၃ဝိုင်းထံမှလည်း ဆက်ကြေးကို ၅ရက်တစ်ကြိမ် ကောက်ခံပြီး တစ်ကြိမ်လျှင် တစ်ဝိုင်းကို ကျပ် ၁၅ သိန်း ကောက်ခံခဲ့သူဖြစ်ကြောင်း သိရသည်။
#MeKongNews
#ကျိုင်းတုံ
#ဒုစရိုက်နှိမ်နင်းရေး
#ခိုးဆိုးလုနှိတ်
#ငွေကြေးတောင်းခံမှု
#ဒုရဲအုပ်








