မဲခေါင်၊ စက်တင်ဘာ ၉
တောင်ကြီးမြို့၏ အထင်ကရဖြစ်သည့် မူလနာရီစင်ဈေးကို ဖျက်သိမ်းပြီး City Square ဈေးဝယ်စင်တာ ကိုယ်ပိုင်အထပ်မြင့် ကားပါကင်ဆောက်လုပ်ရန် ကုမ္ပဏီဘက်မှ စီစဉ်နေကြောင်း သိရသည်။
တောင်ကြီး၊ တပင်ရွှေထီးလမ်း(နာရီစင်လမ်း) ပေါ်ရှိ နာရီစင်ဈေးနေရာကို City Square Shopping Centre လုပ်ငန်းစုဖြစ်သည့် သီဟကုမ္ပဏီက အထပ်မြင့်ကားပါကင် ဆောက်လုပ်ရန် မြို့နယ်စည်ပင်ထံ လျှောက်တင်ထားခဲ့ပြီး ယခုအခါ နာရီစင်ဈေးကို စည်ပင်ကစတင် ရှင်းလင်းနေပြီဖြစ်ကြောင်း ဈေးသူဈေးသားများထံမှ သိရသည်။
နာရီစင်ဈေးသည် မြို့မဈေးဘေးကပ်လျက် အပြင်ဖက်တွင်ရှိပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်း(မိန်းလမ်း) တဖက်တွင် City Square Shopping Centre နှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။
မနက်မှညနေအထိ ပျံကျဈေးသည်များ အသားငါးနှင့် ဟင်းသီးဟင်းရွက်၊ သီးနှံမျိုးစုံ ရောင်းသလို ညအချိန်တွင် ဒေသအစားစာမျိုးစုံ ရောင်းချသည့် စားသောက်ဆိုင်ပေါင်းစုံ ညဈေးအဖြစ် ညဥ့်နက်အချိန်ထိ ရောင်းချသည့်ဆိုင်များ ဖွင့်လှစ်ရော နေရာဖြစ်ပြီး ယင်းဈေးဖျက်မည့်အပေါ် ဈေးသူဈေးသားများက စားဝတ်နေရေးအတွက် စိုးရိမ်နေကြောင်း ဈေးသူဈေးသားများက ပြောသည်။
တောင်ကြီးညဈေးသည် ဒေသခံများသာမက ခရီးသွားဧည့်သည်များအကြားလည်း နာမည်ကြီးပြီး နာရီစင်ဈေးအား အမီပြုနေသာ ဈေးသည်များ၊ ဆိုင်ရှင်များ ၅၀၀ ခန့်ရှိကြောင်း ဒေသခံများက ပြောသည်။
“ညဈေးနေရာမှာ စည်ပင်တွေ မြေလာစမ်းတာ ၄ ခါလောက်ရှိပြီး ဟိုတိုင်းဒီတိုင်း လာတိုင်းထွာတာ အကြိမ်ရေမနည်းတော့ဘူး” ဟု နာရီစင်ဈေးတွင် ဈေးရောင်းနေသူ တစ်ဦးက ပြောသည်။
နာရီစင်ဈေးတွင် ဈေးရောင်းချနေသူများအား ကုန်သည်လမ်းပေါ်တွင် နေရာပြန်ချထားပေးမည်ဟု ညှိနှိုင်းထားသော်လည်း ကုန်သည်လမ်းသည် နဂိုကတည်းကပင် ဆိုင်ခန်းများအပြည့်ရှိနေပြီး ညဈေးမှဈေးသည်အားလုံး လာရောက်ရောင်းချနိုင်ရန် မလုံလောက်နိုင်သောကြောင့် ဈေးသူဈေးသားများက သဘောမကျကြခြင်းဖြစ်သည်။
လွန်ခဲ့သည့် ၁၀ နှစ်ကျော်က City Square Shopping Centre မဆောက်မီ မူလ စည်ပင်သားငါးဈေးကို ဖျက်သိမ်းစဥ်ကလည်း ဈေးဆိုင်ခန်းပိုင်ရှင်များအား Shopping Centre ဆောက်ပြီးသည့်အခါ ဆိုင်ခန်းတစ်ခန်းစီပြန်ပေးမည်ဟုဆိုကာ ဦးဇော်လင်းအောင်၏ သီဟကုမ္ပဏီက လက်မှတ်ရေးထိုးပြီး ဖယ်ခိုင်းစေခဲ့သော်လည်း အမှန်တကယ်ပြန်ပေးသည့်အခါ ဈေးသည် အနည်းငယ်သာ City Square အောက်ထပ်တွင် ဆိုင်ခန်းပြန်ရပြီး အများစုမှာ ဆိုင်ခန်းမရသလို လျော်ကြေးလည်းမရခဲ့ကြောင်း ဈေးသည်များထံမှ သိရသည်။
ယခု နာရီစင်ဈေးမှ ဈေးသည်များမှာလည်း ယင်းကဲ့သို့ ကတိမတည်ခဲ့သည့် အဖြစ်အပျက် ပြန်ဖြစ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။
“တောင်ကြီး ညစျေးတန်းနေရာကို စျေးသည်တွေ ရှင်းလင်းပြီးတော့ အထပ်မြင့် တိုက်ဆောက်ဖို့အတွက် ပြင်ဆင်နေတာလို့ သိရတယ်။ စျေးသည်တွေ ၅၀၀လောက် ဒုက္ခရောက်နိုင်တယ်ဗျာ။ အခုလို စားဝတ်နေရေး ခက်ခဲနေတဲ့ အချိန်မှာ ပြည်သူလူထုဘက် မျက်နှာငဲ့ပြီးတော့ ဆောင်ရွက်စေချင်တယ်” ဟု စျေးသည် တစ်ဦးက လည်း ဆိုသည်။
အာဏာသိမ်းပြီးသည့်နောက်ပိုင်း City Square Shopping Centre အောက်ထပ်ရှိ ဈေးဆိုင်များကို လုံခြုံအောင်မဆောင်ရွက်ပေးနိုင်သဖြင့် သူခိုးဝင်ခြင်း၊ လျှပ်စစ်မီးမပေးသဖြင့် အခက်အခဲဖြစ်ရခြင်း၊ City Square အနောက်ဖက်ရှိ တတက်ခေတ်လမ်းနှင့် မဟာသုခလမ်းရှိ အပြင်ဖက်ဈေးတန်းပေါ်ထွက်ရောင်းသည့်အခါတွင်လည်း စည်ပင်ကလာဖမ်းခြင်းစသည့် ဒုက္ခများကို City Square(ဒေသ အခေါ် Ocean အောက်ဈေး) ဈေးသူဈေးသားများ ခံစားနေရသည်မှာ ၂နှစ်မကတော့ကြောင်း ဈေးသူဈေးသားများက ပြောသည်။
ထို့အပြင် City Square Shopping Centre ဈေးအောက်ထပ်တွင် မြေအောက်ကားပါကင် ၂ ထပ်ရှိပြီး ပလက်ဖောင်းနေရာကိုလည်းများစွာယူထားသလို ဆိုင်ကယ်များကိုလည်း ရေထွက်ဦးလမ်းမတန်း၌သာ ရပ်ကြရန် ဆိုင်ကယ်စတန်းပြုလုပ်ထားသောကြောင့် ကားလမ်းမှာ မြို့လယ်ခေါင် အင်္ဂါရပ်နှင့်မညီ ကျဥ်းမြောင်းလွန်းနေပြီး စည်ပင်ကလည်း အရေးယူမှုမရှိကြောင်း မြို့ခံများက ဝေဖန်သည်။
နာရီစင်နေရာကို ညဈေးအဖြစ် ၁၉၅၀ခုနှစ်ကျော်ကတည်းက စတင်ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ယခုကဲ့ မြို့လယ်နေရာ၊ နာရီစင်နေရာနှင့် ဈေးသည်အများအပြား ရောင်းချနေသည့်နေရာတွင် အဆောက်အအုံဆောက်လုပ်မည်မှာ မဖြစ်သင့်ကြောင်း မြို့ခံများက ဆိုသည်။
#MeKongNews
#CitySquare
#တောင်ကြီး
#ညဈေး
#နာရီစင်ညဈေး








