မဲခေါင်၊ သြဂုတ် ၂၉
တိုက်ပွဲများ ငြိမ်သက်နေသည့် ရှမ်းပြည်အရှေ့ပိုင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက RCSS/SSA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း နယ်မြေခံ စစ်ရေးသတင်းအမြစ်အရ သိရသည်။
ယမန်နေ့ သြဂုတ်လ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီဝန်းကျင်တွင် မိုင်းယောင်း အခြေစိုက် ခမရ ၃၃၅ မှ စစ်ကြောင်း တစ်ကြောင်းသည် လားဟူ ဌာနေပြည်သူ့စစ် အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသဖြင့် RCSS တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၄ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရကြောင်း သိရပြီး RCSS ဘက်မှ ထိခိုက်မှု ရှိ၊ မရှိ ကိုမူ မသိရပေ။
တိုက်ပွဲ ဖြစ်စဥ် သိရှိနိုင်ရန် RCSS မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး အုမ်ခေး သို့ မဲခေါင်မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိသေးသလို စစ်ကောင်စီကလည်း သတင်းထုတ်ပြန်ပြောကြားမှု မရှိပေ။
မိုင်းယောင်းနယ်အတွင်း ယခင် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်ကလည်း မိုင်းပျဥ်းနယ်၊ ဝမ်ယန်းခမ်း၌ ယခုလိုပင် စစ်ကောင်စီနှင့် RCSS တို့ တိုက်ပွဲဖြစ်ဖူးခဲ့ပြီး စစ်တပ်နှင့် လားဟူပြည်သူ့စစ် ၅ ဦးသေကာ လက်နက်ငယ် ၃ လက် ရရှိခဲ့ဖူးသည်ဟု TAI Youth support SNLD အကောင့်တွင် ယမန်နေ့က ရှမ်းဘာသာဖြင့် ဖော်ပြထားသည်။
ယင်းဖော်ပြချက်တွင် RCSS ၏ စစ်နယ်မြေ ၁ အတွင်းသို့ NCA သတ်မှတ်ချက်ကို ကျော်နင်းလာသည့်အတွက် RCSS က ခုခံရခြင်းဟု ဖော်ပြထားပြီး လွန်ခဲ့သည့် ၄၊ ၅ ရက်ကလည်း ရပ်စောက်ဘက်ရှိ ခမရ ၅၁၀ က RCSS ရှိရာ ကျိန်းခမ်းလုံဘက် သွားလမ်းကို ဘက်ဟိုးဖြင့် ထိုးဖျက်ထားကြောင်း ပါရှိသည်။
ရှမ်းအရှေ့တွင် တြိဂံဒေသစစ်တိုင်းလက်အောက်ခံ နယ်မြေထိန်းတပ်များသာ ရှိနေပြီး စစ်ရေးလှုပ်ရှား တပ်မများဖြစ်သည့် မိုင်းဖြတ်အခြေစိုက် စကခ ၁၈ မှာ ပုသိမ်ကြီး ဘက်၊ စကခ ၁၄ မှာ မူဆယ်ဘက်၌ ရှိနေကြောင်း CDM ဗိုလ်ကြီးဇင်ယော်က ပြောသည်။
မိုင်းပန်အခြေစိုက် စကခ ၁၇ မှ ဗိုလ်မှူးကြီးကျော်စွာဦး(DSA40)ဦးစီး ၂ ဗျူဟာနှင့် ၆ ရင်း အင်အား ၁၀၀၀ ကျော်သည် စစ်ကားအစီး ၃၀ ဖြင့် မိုးနဲဘက်သို့ ယမန်နေ့သြဂုတ်လ ၂၇ ရက် ညနေပိုင်းက ထွက်ခွာနေကြောင်း ၎င်း၏ ပြောဆိုချက်အရ သိရသည်။
“အဲဒီ တပ်မဟာ ဘယ်တက်မယ်လို့ ခုထိမသိရသေးဘူး။ ရှမ်းတောင်၊ ရှမ်းမြောက် မတက်ရင်တော့ ရှမ်းအရှေ့ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်ချေနည်းတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က မဲခေါင်သို့ ပြောသည်။
RCSS သည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း စစ်ကောင်စီက ပြုလုပ်သည့် ရှမ်းမြောက်ဒေသများမှ TNLA နှင့် MNDAA တို့ကို ထွက်ခွာရန် လုပ်ဇာတ်ဆန္ဒပြပွဲများကို လူမျိုးရေး ရန်တိုက်ပေးမှုများဟု ဆိုကာ ရှုတ်ချကန့်ကွက်ထားသည်။
#MeKongNews
#RCSS
#ရှမ်းအရှေ့
#စစ်ကောင်စီ
#ရှမ်းလက်နက်ကိုင်
#မိုင်းယောင်နယ်








