မဲခေါင်၊ သြဂုတ် ၁၄
မိုးနဲမြို့သို့ နမ့်စန်ဘက်မှအဝင် မောင်ခိုင်၊ မောင်နိုင်နှင့် ဒေဝီ ၁၂ ပါး ဘုရား ၂ ဆူကြား ပြည်ထေင်စုလမ်းမပေါ် ဖွင့်ထားသည့် မိုးနဲရဲစခန်းမှ ရဲအုပ်တင်အောင်ကျော် ဦးစီးသည့် စစ်ဆေးရေးဂိတ်သည် ခရီးသွားကားများထံမှ ငွေ ၂ ဆမက ပိုမိုတောင်းခံနေသဖြင့် ခရီးသွားပြည်သူများ အခက်ကြုံနေရသည်ဟု ခရီးသွားများနှင့် ယာဉ်မောင်းများထံမှ သိရသည်။
ယခင်က ကားတစ်စီးလျှင် ကျပ် ၅ ထောင်သာ တောင်းခံသော်လည်း ယခုအခါ ကျပ် ၂ သောင်း၊ ကျပ် ၃ သောင်းအထိ တောင်းခံနေကြောင်း၊ ဂိတ်အတွက်သာမက စခန်းအတွက်ပါဟုဆိုကာ ပိုမိုတောင်းခံခြင်းဖြစ်ကြောင်း ခရီးသွားကားယာဉ်မောင်းတစ်ဦးက ပြောသည်။
ယင်းဂိတ်မှာ ခရီးသွားကားများကိုသာမက မြို့နယ်အတွင်းမှ အသီးအနှံတင် စျေးပတ်ယာဥ်မှအစ ခဏတဖြုတ် လာသည့် ယာဥ်များကိုပါ ယခုလို တောင်းခံနေကြောင်း ဒေသခံများထံမှ သိရသည်။
“လွိုင်ကော်က ပြောင်းလာတာလို့သိရတယ်။ တောင်းတာတော့ အနီးအနားလည်း အဝင်ရော အထွက်ပါ တောင်းနေတာ။ စစ်တပ်ဂိတ်က ဟောက်တာပဲရှိတယ်။ ပေးရတာပုံမှန်ပဲ၊ သူကမရဘူး။ မပေးမပေးချင်း ရစ်နေတာ” ဟု လွိုင်မြေရပ်နေသူတစ်ဦးက ပြောသည်။
ရှမ်းပြည်တောင်ပိုင်းရှိ၊ မိုးနဲမြို့တွင် ကားလမ်းပေါ်ရှိ Slow down တဖက်တချက် ကိုက် ၅၀ ခန့်အကွာတွင် ရဲက တစ်ဂိတ်၊ စစ်တပ်က တစ်ဂိတ် ဖွင့်ထားပြီး လမ်းသွားလမ်းလာများကို လုံခြုံရေးအကြောင်းပြ စစ်ဆေးကာ ငွေတောင်းနေကြောင်း သိရသည်။
စစ်တပ်ဂိတ်ကို မိုးနဲအခြေစိုက် ခလရ ၂၄၈၊ ခမရ ၅၁၈ နှင့် အမတ ၃၆၃ တို့ အလှည့်ကျထိုင်ပြီး ရလပ စစ်ဌာနချုပ်မှလည်း လာရောက် အထိုင်စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ယင်း နမ့်စန်-မိုးနဲ-လင်းခေး ပြည်ထောင်စုလမ်းသည် ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံ၊ မိုင်းဆတ်-တာချီလိတ်သို့ နေ့စဥ် ကားစီးရေ ရာချီသွားလာနေသည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။
#MeKongNews
#မိုးနဲမြို့
#ငွေတောင်းကြမ်း
#စစ်ဆေးရေးဂိတ်
#ရှမ်းတောင်
#ရဲအုပ်တင်အောင်ကျော်








