မဲခေါင်၊ သြဂုတ် ၁၂
UWSA “ဝ” ထိန်းချုပ်နယ်မြေ မိုင်းပေါက်မြို့ရှိ သတ္တုလုပ်ကွက်တစ်ခုတွင် မြေပြိုခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း “ဝ”လူငယ့်အသံ WNLက ယမန်နေ့ သြဂုတ် ၁၁ရက်တွင် ဖော်ပြသည်။
သြဂုတ်လ၉ရက်နေ့က မြေပြိုခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၀ ရက်နေ့ မနက်ပိုင်းတွင် အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ သေဆုံးသူမှာ သတ္တုဆိုဒ်လုပ်ကွက်ပိုင်ရှင်သူဌေးဖြစ်ကြောင်း Wa News Land က ဖော်ပြထားသည်။
အခြားသတင်းရင်းမြစ်တစ်ခုကမူ မြေပြိုရာတွင် သေဆုံးသူမှာတစ်ဦးတည်းမဟုတ်ပဲ မြေပြိုပိသူ ၃ဦးဟု ရှိသည်ဟု မဲခေါင်သို့ ပြောသည်။
“မြေရှားသတ္တုလုပ်ကွက် လုပ်ငန်းရှင်တစ်ဦး အပါအဝင် လူ၃ ဦး မြေစာပိ သေဆုံးခဲ့တာပါ။ UWSA ရဲ့ ကူညီကယ်ဆယ်ရေးတွေ အပူတပြင်း လုပ်ဆောင်ခဲ့ပေမယ့် အဲဒီလုပ်ငန်းရှင် အပါအဝင် လူ ၃ ဦးရဲ့ ရုပ်အလောင်းတွေကို ဩဂုတ်လ ၁၀ ရက်နေ့ကျမှ ရရှိခဲ့တာပါ” သတင်းရင်းမြစ်က မဲခေါင်သို့ ယနေ့ သြဂုတ်၁၂ရက်တွင် ပြောသည်။
ယင်းသတ္တုတွင်းသည် မိုင်းပေါက်မြို့အနီး ဟိုတောင်းရွာ အနီး၌ တည်ရှိပြီး ဟိုတောင်သတ္တုတွင်းဟု ခေါ်ကြောင်း သိရသည်။
အလားတူ နမ့်တစ်မြို့ရှိ ကွမ်းဘူးဟု အမည်ရသည့် သတ္ထုတွင်း၌လည်း ယခုနှစ် မိုးရာသီအတွင်း မြေပြိုသည့် ဖြစ်စဥ်များ မကြာခဏဖြစ်ပေါ်နေသဖြင့် အသက်အန္တရာယ် စိုးရိမ်ရသောကြောင့် တရုတ်လုပ်ငန်းရှင်များက လုပ်အားခ များများပေးကာ အလုပ်သမား ခေါ်ယူကြသော်လည်း လုပ်ကိုင်လိုသူများမရှိဟု သိရသည်။
ထို့အတူ UWSA တောင်ပိုင်း ၁၇၁ စစ်ဒေသ မိုင်းဆတ် ထိန်းချုပ်နယ်မြေများတွင်လည်း မြေရှား သတ္တုလုပ်ကွက်များ ရှိနေပြီး ရေကြီးရေလျှံမြေပြိုမှုများ ရှိနေကြောင်း သိရသည်။
#MeKongNews
#UWSA
#မိုင်းပေါက်
#မြေရှားသတ္တု
#ရှမ်းအရှေ့
#မိုးရာသီ
#ဟိုတောင်သတ္တုတွင်း








