မဲခေါင်၊ ဇူလိုင် ၃၀
ရှမ်းပြည်မြောက်ပိုင်းတွင် TNLA က ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၆ ဦးသေဆုံးကြောင်း ကွတ်ခိုင်ဒေသခံများထံက သိရသည်။
ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၂ နာရီ ၅၀ မိနစ်အချိန်တွင် ကွတ်ခိုင်မြို့ပေါ်မှ အမှတ် ၂ ရပ်ကွက်ရှိ ရာစုသစ်၂ ဟိုတယ်ပေါ်သို့ စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့မှုကြောင့် ဟိုတယ်နှင့် ပတ်ဝန်းကျင် နေအိမ်များတွင် ပေါက်ကွဲပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး အဘွားအို တစ်ဦး၊ ကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးကာ ၈ ဦး အပြင်းအထန် ဒဏ်ရာရရှိကြောင်း သိရှိရသည်။
“ဒီနေ့မနက် ယောက်ျားလေး အလောင်းတစ်လောင်းအပျက်အစီးများကြားမှ ထပ်မံတွေ့ရှိလို့ စုပေါင်း သေဆုံးသူ ၆ ဦး၊ ဒဏ်ရာရ ၈ ဦးပါ” ဟု ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ပြောသည်။
ဟိုတယ်၏ မြောက်ဘက် ကပ်လျှက်အိမ် တစ်လုံးလည်း ထိခိုက်ပျက်စီးရသလို ယင်းအိမ်မှာ စစ်ရှောင်လာရောက်နေထိုင်သည့် အဘွားတစ်ဦးနှင့် အသက် ၁၀ နှစ်ခန့်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းနေအိမ်တွင် နေထိုင်ကြသည့်မိသားစု၀င်အချို့လည်း ထိခိုက်ဒဏ်ရာရရှိကြပြီး ယင်း လေကြောင်းတိုက်ခိုက်ခံရသည့် ဖြစ်စဉ်ကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ရပြီး ၈ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။
ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ယခုနှစ်အတွင်း ပထမဆုံးအကြိမ် ပြန်လည်ကာ လေယာဉ်ဖြင့် ဗုံးကြဲချခြင်းဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာလ ၁၇ ရက်က လေကြောင်းတိုက်ခိုက်ခဲ့စဥ် ပြည်သူ ၃ ဦး သေဆုံးခဲ့ရသည်။
အလားတူ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့ကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကောင်စီက လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ကြဲချခဲ့ရာ အမျိုးသား ၁ ဦး ထိမှန်သေဆုံးခဲ့ပြီး နေအိမ် ၇ လုံး ထိမှန်ပျက်စီးခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
#MeKongNews
#TNLA
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်မှု
#ရာစုသစ်ဟိုတယ်
#မိုင်းလုံမြို့








