မဲခေါင်၊ ဇူလိုင် ၂၃
UWSA ထိန်းချုပ်ရာ မိုင်းပေါက်မြို့တွင် ရေထဲမျောပါနေသည့် ကားတစ်စီးအတွင်းရှိ လူများကို ကယ်ဆယ်ရန် ကြိုးပမ်းသည့် “ဝ”တပ်ဖွဲ့ဝင်တစ်ဦး အပါအဝင် လူ ၃ ဦး ရေထဲမျောပါ သေဆုံးသွားခဲ့ကြောင်း ‘ဝ’ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်၏ ထုတ်ပြန်ချက်နှင့် ဒေသသတင်းအရင်းအမြစ်များအရ သိရသည်။
ယမန်နေ့ ဇူလိုင် ၂၂ ရက်နေ့၊ နံနက် ၅ နာရီ ၅၀ မိနစ် ခန့်တွင် မိုင်းပေါက် ရဲဌာန တရားရေးကော်မတီ၏ မိုဘိုင်းအဖွဲ့မှ ရဲအရာရှိ ချင်ဟွာ ၂၇ နှစ် သည် Hongwei အမှတ် ၁ တိုက်ခန်းဘေးရှိ လမ်းမပေါ်၌ အဖြူရောင် Alpha ကားတစ်စီး လှိုင်းလေထန်သော ရေစီးကြောင်းတွင် မျောပါနေပြီး ကားအတွင်းလူများ ပိတ်မိနေသည်ကို ကယ်ဆယ်ရင်း ပြင်းထန်သည့် ရေစီးကြောင်းထဲသို့ မျောပါသေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။
ကားပေါ်ပါရှိသည့် လူ ၂ ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရပြီး သေဆုံးသူ အမျိုးသမီးတစ်ဦးအလောင်းကိုသာ ပြန်တွေ့ရသော်လည်း အမျိုးသားတစ်ဦးကို ပြန်လည်တွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။
“ရဲဘော်တစ်ဦး ဝင်ကယ်တာ၊ ကုမ္ပဏီက မန်နေဂျာ ဝါးကြုံနဲ့ ဧည်သည့်ကောင်မလေးပါ။ ကောင်မလေးကို ပြန်ပို့ရင်း ကားရေထဲမျောပါသွားကြတာ။ ကောင်မလေးအလောင်းတော့ တွေ့ပြီ။ ဝါးကြုံကိုတော့ ရှာမတွေ့သေးဘူး” ဟု ဒေသခံတစ်ဦးက’ဝ’ပြည်နယ် ရဲဌာန တရားရေးဌာနချုပ်၏ ထုတ်ပြန်ချက်အောက်တွင် မှတ်ချက်ရေးသားထားသည်။
လူကယ်ရင်း ရေထဲမျောပါသွားသူ ရဲအရာရှိ ချင်ဟွာ၏အလောင်းကို ရှာဖွေတွေ့ရှိပြီ ဟု ‘ဝ’ ရဲဌာနက ယမန်နေ့က ထုတ်ပြန်ထားသည်။
UWSAထိန်းချုပ်ရာ ‘ဝ’မြောက်ပိုင်းက မိုင်းပေါက်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ဇူလိုင် ၂၁ ရက်မှစ၍ ရေကြီးလာပြီး ယနေ့ ဇူလိုင် ၂၃ ရက်အထိ ရေပြန်မကျသည့်အပြင် ပိုမို ရေတက်လာနေကြောင်း သိရသည်။
ရေကြီးမှုကြောင့်နေအိမ်၊ ကား၊ ဆိုင်ကယ်များ ရေထဲမျောပါကာ တောင်ပြို၊ မြေပြိုမှုကြောင့် လမ်း၊ တံတား၊ လယ်ယာစိုက်ခင်းများ ထိခိုက်ပျက်စီးနေသည်ဟု သိရသော်လည်း အသေးစိတ် အခြေအနေများ မသိရသေးပေ။
အလားတူ ဇူလိုင် ၁၅ ရက်က UWSA ထိန်းချုပ်နယ်မြေ၊ တောင်ပိုင်း (၁၇၁) စစ်ဒေသဖြစ်တဲ့ (ဝမ်ဟုန်၊ မိုင်းယွန်း၊ ဟွေအော်) ဘက်တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီး၊ ရေလျှံခဲ့တာကြောင့် လမ်း၊ တံတားနှင့် လယ်ယာစိုက်ခင်းများ ပျက်စီးခဲ့ရကြောင်း သိရသည်။
ယမန်နှစ် သြဂုတ်လကလည်း အဆိုပါ မိုင်းပေါက်ဘက်တွင် မိုးအဆက်မပြတ် ရွာသွန်းခဲ့ခြင်းကြောင့် ရေကြီး၊ ရေလျှံကာ၊ တောင်ပြို၊ ကမ်းပြိုခဲ့ပြီး လူနေအိမ်၊ လမ်း၊ တံတား၊ ကား၊ ဆိုင်ကယ်များ ရေထဲမျောပါ ပျက်စီးခဲ့သည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သေးသည်။
မဟာ
#MeKongNews
#UWSA
#မိုင်းပေါက်
#ရေကြီးရေလျှံ
#ရှမ်းအရှေ့
#ဝီဖာမုန်တိုင်း
#မိုးလေဝသ








