မဲခေါင်၊ ဇူလိုင် ၂၁
ရှမ်းပြည်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားသည့် သီပေါမြို့ကို စစ်ကောင်စီက လေယာဥ်ဖြင့် ယမန်နေ့ညပိုင်းက ထပ်မံဗုံးကြဲခဲ့၍ ကိုးကန့်ထိန်းချုပ်ထားသည့် နယ်မြေသို့ စစ်ဘေးရှောင်နေကြရကြောင်း ဒေသခံလူထုထံမှ သိရသည်။
ယမန်နေ့ ဇူလိုင် ၂၀ ရက်နေ့ ည ၁၀ နာရီ ၂၅ မိနစ် ဝန်းကျင်တွင် စစ်ကောင်စီက Y130 လေယာဥ်ဖြင့် ဗုံး ၂ လုံးတွဲ ကြဲချခဲ့ပြီး ယခင် စစ်ကောင်စီတပ် ခလရ ၂၃ နေရာသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ပြည်သူအထိအခိုက်မရှိဟု ဒေသခံများကပြောသည်။
“လူတွေ မနေရဲကြတော့ဘူး။ ထပ်ပြီး စစ်ရှောင်ကြပြီ၊ မြို့ထဲကတော့ ရှောင်တာတွေရှိတယ်။ လားရှိုး ၊ ဆောင်ကြဲ၊ နမ့်လန် ဘက်၊ အချို့က သီပေါတံတားဟိုဘက် ကိုးကန့်ရှိတဲ့ဘက်၊ မြို့ဟောင်း၊ ပန်စောက်မိန်း၊ ကုန်သာ ဘက်တွေ ရှောင်ကြတယ်” ဟု သီပေါပန်းတိမ်မြောက်ရပ်နေသူတစ်ဦးက မဲခေါင်ကိုယနေ့ ဇူလိုင် ၂၁ ရက်တွင် ပြောသည်။
စစ်ရှောင် ဦးရေ သေချာမသိရသော်လည်း ရာချီရှိနိုင်ပြီး စစ်တပ်၏ လေကြောင်းရန်မရှိနိုင်သည့် MNDAA ထိန်းချုပ်သည့် နယ်မြေများဘက်သို့ သွားရောက် တိမ်းရှောင်ကြသည်ဟု ဆိုသည်။
သီပေါမြို့ပေါ်တွင်တောင်မြို့ရပ်ကွက်၊ မီးရထားရပ်ကွက်၊ မြန်မာရပ်၊ အနောက်ရပ်၊ မြို့လယ်ရပ် အုတ်ကျင်းရပ်၊ ဈေးရပ်၊ ရွှေကျောင်းရပ်၊ ပန်းတိမ်မြောက်၊ ပန်းတိမ်တောင်၊ ဇာတ်စုရပ် များတွင် လက်ရှိ လူဦးရေ တစ်သောင်းခန့်နေထိုင်နေကြောင်း သိရသည်။
စစ်ကောင်စီက ဇူလိုင်၁၉ရက်ညကလည်း ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၃လုံး လာရောက်ကြဲချခဲ့ရာ ဇာတ်စုရပ်ကွက်နှင့် ရွှေကျောင်းရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲမှုကြောင့် အ.မ.က (၁) မူလွန် ကျောင်းရှိ ကျောင်း ဆောင်များ ဗုံးစထိမှန်ပျက်စီးသွားခဲ့ရသေးသည်။
စစ်ကောင်စီတပ်သည် လေကြောင်းဖြင့် သီပေါမြို့ကို ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့တွင် ၁ ကြိမ်၊ ဇူလိုင် ၁၄ ရက်နေ့တွင် ၁ ကြိမ်၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူလူထု ၂ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိကာ နေအိမ် ၁၃ အိမ်၊ အဆောက်အဦ ၆ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု TNLA ပြန်ကြားရေးက ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#သီပေါမြို့နယ်
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်
#စစ်ဘေးရှောင်
#MNDAA








