မဲခေါင်၊ ဇူလိုင် ၂၁
တိုင်ဖွန်းမုန်တိုင်း ဝီဖာသည် ဟောင်ကောင်မှ တဆင့် တရုတ်ကုန်းတွင်းပိုင်းကို ဝင်ရောက် တိုက်ခတ်နေပြီး၎င်း၏ အရှိန်ကြောင့် မြန်မာနိုင်ငံတွင်လည်း ရုတ်တရက် မိုးများပြီး ရေကြီးနိုင်ကြောင်း မိုးဇလနှင့် မိုးလေဝသ လေ့လာသူများက ယနေ့ ဇူလိုင် ၂၁ ရက်တွင် သတိပေးထားသည်။
ယနေ့ဇူလိုင် ၂၁ ရက်မှ ဇူလိုင်လ ၂၆ ရက်အထိ တိုင်းနှင့်ပြည်နယ် အားလုံး၌ နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာကာ ဒေသအလိုက် မိုးကြီးနိုင်သည်ဟုလည်း မိုးဇလက ခန့်မှန်းထားသည်။
ဇူလိုင် ၂၃ ရက်၊ ၂၄ ရက်များမှာ လေပြင်းများတိုက်ခတ်ပြီး မုန်တိုင်း၏အရှိန်သည် ရှမ်းပြည်အရှေ့ပိုင်းမှတဆင့် မြန်မာနိုင်ငံကုန်းတွင်းသို့ ဝင်ရောက်လာမည်ဟု ရာသီဥတုလေ့လာသူများက သတိပေးထားသည်။
မုန်တိုင်းသည် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းတုံခရိုင်၊ မုံးထမြို့ မှသည် လင်းခေးခရိုင်၊ မိုင်းပန်မြို့မှတဆင့် မြန်မာနိုင်ငံအတွင်း အဖျားခတ် ဝင်ရောက်မည်ဖြစ်ပြီး တာချီလိတ်သို့ တိုက်ရိုက်မဝင်ဟု သုံးသပ်ကြသည်။
ဇူလိုင်လ ၂၄ ရက်တွင် မိုးသက်လေပြင်းများ ရှမ်းပြည်နယ် မန္တလေးတိုင်း စစ်ကိုင်းတိုင်းအတွင်း သက်ရောက်ပြီး မြန်မာနိုင်ငံအောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းကြီးအရှိန်ကြောင့် လေတိုက်နှုန်းတစ်နာရီ ၃၅,၄၅ မိုင်အတွင်း တိုက်ခတ်ကာ မိုးရွာနိုင်ကြောင်း သိရသည်။
မိုးရေချိန် အနိမ့်ဆုံး ၅လက်မရှိနိုင်ပြီး နောက် ၂၄ နာရီအတွင်း ရှမ်းပြည်တောင်ပိုင်း၊ ထားဝယ်၊ ပုလော၊ ပလောက်၊ တိုက်ကြီး၊ ဥက္ကံ၊ မအူပင်၊ ညောင်တုန်း၊ ဓနုဖြူ၊ ဇလွန်၊ ဟင်္သာတ၊ သာယာဝတီ၊ စစ်ကွင်း နှင့် လက်ပံတန်း စသောဒေသများ မိုးများမည်ဟု ဆိုသည်။
ထိုနည်းတူ မြန်မာ့ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်၌လည်း တခါတရံ မိုးသက်လေပြင်းကြောင့် လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးနိုင်ကာ မုန်တိုင်းကြောင့် လေပြင်းတိုက်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြီးပစ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်နိုင်သည်ဟုလည်း မိုးဇလက သတိပေးထားသည်။
ထို့ကြောင့် မြစ်ချောင်းအနီးနှင့် ကုန်းမြင့်နေထိုင်သူများသည် ကြိုတင်သိပြုရှောင်ရှားရန်၊ ရေကြောင်း၊ လေကြောင်းနှင့် ခရီးသွားလာသူများ သတိထားရန်နှင့် ဆည်မြောင်းတာတမံများ၌ လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ထားရန်လည်း မိုးဇလက သတိပေးထားသည်။
မဟာ
#MeKongNews
#မုန်တိုင်း
#ဝီဖာ
#ရေကြီး
#မုံးထ








