မဲခေါင်၊ ဇူလိုင် ၁၆
တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ အသစ်ပြောင်းရွှေ့လာသည့် ဒုဆေးရုံအုပ် (ယာယီဆေးရုံအုပ်) ၏ တိုင်ကြားမှုကြောင့် တာချီလိတ်မြို့နယ်အတွင်းရှိ ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများတွင် လုပ်ကိုင်နေသည့် CDM ဆရာဝန်နှင့် သူနာပြုများကို စစ်ကောင်စီက လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရသည်။
တိုင်ကြားသူ ဒေါက်တာဖြိုးသီဟနိုင်မှာ လားရှိုးမှပြောင်းလာသူဖြစ်ပြီး လားရှိုးကို ကိုးကန့်တပ်များ သိမ်းပိုက်ထားစဉ်က စစ်ဘေးရှောင်နေရသူဖြစ်ကာ တာချီလိတ်ခရိုင်ဆေးရုံသို့ မကြာသေးမီက ဒုတိယဆေးရုံအုပ်အဖြစ် ပြောင်းရွှေ့လာသူဖြစ်ကြောင်း၊ ယခင်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းနိုင်မှာ ပြောင်းမိန့်ကျထားပြီဖြစ်သည့်အတွက် ၎င်းကို ယာယီဆေးရုံအုပ်အဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“မနေ့က ဆေးရုံ၊ ဆေးခန်းတွေကို အဖွဲ့ပေါင်းစုံနဲ့ လိုက်စစ်တယ်။ တချို့ဆေးခန်းတွေက ရှောင်နိုင်ပေမယ့် မရှောင်နိုင်တဲ့ ဆေးရုံ၊ ဆေးခန်းတွေက ည ၁၁ နာရီ ၁၂ နာရီ အထိ အစစ်ခံရတယ်။ အဖမ်းခံရတဲ့ ဆရာဝန်၊ သူနာပြု ၃ ယောက် ၄ ယောက်ရှိပြီ။ ပြောင်းလာတဲ့ တာချီလိတ် ဒုဆေးရုံအုပ်က ဖမ်းခိုင်းတာ၊ အခုမှ တာချီလိတ် ရောက်ပြီး တာချီလိတ်ကို သူကိုင်တွယ်မယ်ဆိုပြီး ပိုင်ရာဆိုင်ရာနဲ့ရောက်လာပြီး သူရောက်တာနဲ့ ဆေးရုံအုပ်တောင် ပြောင်းပေးရတယ်” ဟု ၎င်းက ပြောသည်။
တာချီလိတ်မြို့တွင် ဇူလိုင်လ ၁၅ ရက် ညနေပိုင်းက ပုဂ္ဂလိက ဆေးရုံနှင့် ဆေးခန်းများကို ထွေအုပ်၊ ရဲ၊ စရဖအပါအဝင် အဖွဲ့ ၆ ဖွဲ့ပါဝင်သည့် အဖွဲ့စုံဖြင့် ဝင်ပေါက်ထွက်ပေါက်များ ပိတ်ဆို့ကာ စစ်ဆေးကြောင်း၊ ဆရာဝန်ရာထူးအကြီးပိုင်းထဲမှ ၅ ဦးကို အမည်စာရင်းနှင့်တကွ ရှာဖွေနေပြီး ကျန်သူများကိုလည်း စစ်ဆေးတွေ့ရှိပါက ဖမ်းဆီးကြောင်း၊ ယမန်နေ့ညပိုင်းအထိ ဆေးရုံတစ်ရုံမှ ဆရာဝန် ၃ ဦး ဖမ်းဆီးခံရကြောင်း မြို့ခံတစ်ဦးထံမှ သိရသည်။
“ကျနော်တို့နားက ဆေးရုံကိုလည်း လာစစ်တယ်။ ဖမ်းသွားတာတော့ မတွေ့ရဘူး” ဟု ၎င်းက ပြောသည်။
တိုင်ကြားသူ ဒေါက်တာဖြိုးသီဟနိုင်မှာ ရှမ်းအရှေ့ကြံ့ခိုင်ရေးပါတီ ဥက္ကဌ ဦးလင်းဇော်ထွန်း၏ ညီဖြစ်သူဖြစ်ပြီး စစ်အာဏာသိမ်းစဉ်က လားရှိုးတွင် CDM ဝန်ထမ်းများကို CDM တွင် မပါဝင်ရန် ဖုန်းဆက်ခြိမ်းခြောက်မှုများရှိခဲ့ကြောင်း၊ ထိုစဉ်က ၎င်းမှာ လားရှိုးကျန်းမာရေးဌာန ဒုမြို့နယ်မှူးဖြစ်ကြောင်း လားရှိုးသတင်းရင်းမြစ်များထံမှ သိရသည်။
#MeKongNews
#တာချီလိတ်
#ပုဂ္ဂလိကဆေးရုံ
#CDM
#ဒေါက်တာဖြိုးသီဟနိုင်








