မဲခေါင်၊ ဇူလိုင် ၁၁
ရှမ်းပြည်တောင်ပိုင်း၊ လင်းခေးခရိုင်၊ မောက်မယ်မြို့မှ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ကို ယနေ့နံနက်ပိုင်းတွင် အမည်မသိလက်နက်ကိုင်များက ပစ်သတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။
ဦးစိုင်းငေါင်းဆိုင်မှာ ကြံ့ခိုင်ရေးပါတီမှ ၃ ကြိမ်ဆက် ရွေးကောက်ပွဲအနိုင်ရသူ ဖြစ်ပြီး ယနေ့ဇူလိုင်လ ၁၁ ရက်၊ နံနက် ၉ နာရီအချိန်ခန့်တွင် မြို့အထွက် ၂ မိုင်ခန့်မှ ၎င်း၏ လိမ္မော်စိုက်ပျိုးရေးခြံအတွင်း ပစ်သတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
“သူက နိုင်ငံရေးမလုပ်တော့ဘူး။ အေးဆေးခြံစိုက်စားမယ်လို့ ပြောထားတာ၊ ခုလည်း ခြံလုပ်နေတာ။ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် ဖြစ်နိုင်မလား မသိဘူး” ဟု ဒေသခံတစ်ဦးက မဲခေါင်သို့ပြောသည်။
၎င်းမှာ ခေါင်းနှင့်ကျောတွင် သေနတ်ဒဏ်ရာ ၃ ချက်ဖြင့် သေဆုံးရခြင်းဖြစ်ပြီး ဖြစ်ပွားချိန်က ခြံနီးချင်းများ သက်သေရှိနေကြောင်း သိရသည်။
ယင်းကိစ္စအရ လင်းခေးစစ်ဗျူဟာမှူးနှင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ရဲခရိုင်မှူးတို့ မောက်မယ်သို့ရောက်ရှိနေပြီး ကြံ့ခိုင်ရေးပါတီဗဟိုမှလည်း လာရောက်ရန်ရှိနေကြောင်း သိရသည်။
ယခု သေဆုံးသူ ဦးစိုင်းငေါင်းဆိုင် သည် ၂၀၁၀၊ ၂၀၁၅ နှင့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ၃ ကြိမ်လုံးတွင် အနိုင်ရရှိခဲ့သူ တစ်ဦးဖြစ်ပြီး မောက်မယ်မြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌလည်းဖြစ်ကြောင်း၊ ၂၀၁၅-၂၀၂၀ လွှတ်တော်သက်တမ်းအတွင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
#MeKongNews
#မောက်မယ်
#ကြံ့ခိုင်ရေးပါတီ
#ဦးစိုင်းငေါင်းဆိုင်
#ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်








