မဲခေါင်၊ ဇူလိုင် ၁၁
ရွှေလီမြစ်ရေ ရုတ်တရက် မြင့်တက်လာသဖြင့် ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်အတွင်း ရွာ ၄ ရွာ ရေမြုပ်ပြီး ဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေကြောင်း သိရသည်။
ယမန်နေ့ ဇူလိုင် ၁၀ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့အနီး စီးဆင်းနေသည့် ရွှေလီမြစ်ရေ ရုတ်တရက် မြင့်တက်လာသဖြင့် တစ်ဖက်ကမ်းရှိ ကွန်ဟိုင်း၊ နောင်ခမ်း၊ နောင်မတာ၊ မန့်ကွန် စသည့် ရွာ ၄ရွာ ရေမြုပ်ပြီး အိမ်ခြေပေါင်း ၉၄၀ မှ ဒေသခံပြည်သူများ အရေးပေါ် အကူအညီများ လိုအပ်နေကြောင်း လူမှုကူညီနေသူများထံမှ သိရသည်။
“မိုးက ဆက်တိုက်ရွာနေတာ။ မန်နောင်၊ နောင်ခန်ရွာတွေလည်း ထိခိုက်တယ်။ မူဆယ်မြို့ပေါ်လည်း ကမ်းပါး ပြိုတာတွေရှိတယ်” ဟု လူမှုကူညီသူတစ်ဦးက ပြောသည်။
မူဆယ်မြို့မှ နမ့်ခမ်းဘက်သို့ စီးဆင်းနေသည့် ရွှေလီမြစ် ယာဘက်ကမ်းရှိ ရွာပေါင်း ၁၉ ရွာခန့်တွင် ရေကြီးရေလျှံဖြစ်နေခြင်း ဖြစ်သည်။
မူဆယ်မြို့နှင့်နယ်စပ်ထိစပ်နေသည့် တရုတ်နယ်စပ် ရွှေလီမြို့တွင်လည်း မိုးအဆက်မပြတ် ရွာသွန်းနေကြောင်းနှင့် မူဆယ်မြို့၊ မင်္ဂလာမူဆယ် နှင့် ဆင်ဖြူပေါက် အနီးတွင်လည်း ရေကြီးရေလျှံဖြစ်နေကြောင်းသိရသည်။
“တော်ရွက်နဲ့ ဟူမွန်ကြားက ကမ်းပါးပြိုတာရှိတယ်။ အိမ်တစ်လုံးပါပေမယ့် အထိအခိုက်မရှိဘူး။ အောက်က လှိုဏ်ရှိပြီး မိုးဆက်တိုက်ရွာလို့ မြေတွေရေနူးပြီး ပြိုတာ။ မင်္ဂလာ ဆင်ဖြူပေါက်လည်း ရေမြှပ်တာ ဒူးထိတယ်” ဟု မူဆယ် ဟိုနားရပ်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
တရုတ်ပြည်တွင် ရေကြီးသည့် ဝူမြစ်သည် ကွေးကျိုးပြည်နယ်ရှိ ယန်စီမြစ်ထဲကို စီးဆင်းပြီး တရုတ်ပြည်အရှေ့ဘက်သို့ ရောက်သွားသည်ဟု ရွှေလီတွင်နေထိုင်သူ တစ်ဦးက မဲခေါင်ကို ပြောသည်။
“ဂွေ့ကျိုးပြည်နယ်ဟာ မြန်မာပြည် ရှမ်းပြည်ကနေစတဲ့ ကုန်ပြင်မြင့်ကြီးရဲ့ အရှေ့ဘက်မှာရှိပါတယ်။ မြန်မာပြည်ကရှမ်းကုန်းပြင်မြင့်ကို တရုတ်မှာ ယွင်ကွေ့ချွမ်း ကုန်းပြင်မြင့်လို့ ခေါ်ပါတယ်။ မြန်မာနဲ့ ကွေ့ကျိုးကြားမှာ ယူနန်တစ်ပြည်လုံး ခံထားပါတယ်။ ကားနဲ့သွားရင် မြန်မာနယ်စပ်ကနေ ကီလိုမီတာ ၁၅၀၀ လောက်ဝေးပါတယ်။ ဒါကြောင့် တရုတ်ပြည်မှာ ရေကြီး၍ မြန်မာပြည် ရေမြုပ်မည်မဟုတ်ပါ” ဟု ၎င်းက ပြောသည်။
လတ်တလော ရှမ်းပြည်မြောက်ပိုင်း၊ ကျင်စန်းကျော့၊ မူဆယ်၊ နမ့်ခမ်း၊ လောက်ကိုင် မြို့များတွင် မိုးများ အဆက်မပြတ် ရွာသွန်းနေပြီး မြစ်ချောင်းများ ရေလျှံကာရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေကာ လောက်ကိုင်တွင်လည်း ရေကြီးပြီး ရေလှောင်ကန် ကျိုးပေါက်မှုကြောင့် ဇူလိုင်၄ရက်က လူ ၃ဦး သေဆုံးခဲ့ရသည်။
မဟာ
#MeKongNews
#မူဆယ်မြို့
#ရွှေလီမြစ်
#ရေကြီး
#ဆင်ဖြူပေါက်








