မဲခေါင်၊ ဇူလိုင် ၁၁
စစ်ကောင်စီက ထိန်းချုပ်ထားသည့် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့ပေါ်ရှိ KTV တစ်ခုကို ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များက ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ ဇူလိုင် ၁၁ ရက်၊ နံနက် ၆ နာရီခန့်က မူဆယ်မြို့၊ ကောင်းမူတုံရပ်ကွက်အတွင်းရှိ နတ်စင် ညောင်ပင်အနားမှ NU KTV ကို စစ်တပ်နှင့် ပြည်သူ့စစ်အဖွဲ့တို့က ဝင်ရောက်ရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကနဦး သိရသည်။
“အဲဒီ KTV က ရဲလိုင်းကြေးပေးထားတာဗျ။ အခုက စစ်တပ်နဲ့ ပသစ ဆိုတော့ ဘယ်လိုလဲ မသိရဘူး။ ကျားဖြန့်ပဲ နေမှာပေါ့။ ဖမ်းမိတာ အသေးစိတ်မသိရဘူး။ ထွက်ပြေးလို့ လွတ်တာတွေလည်း ရှိတယ်။ ဖမ်းတာတော့ တိုက်ခေါင်မိုးပေါ်အထိ တက်ဖမ်းတာ၊ ဖမ်းရသမျှ ကားတွေနဲ့တင်သွားတာပဲ။ ၂၀ ကျော်ရှိနိုင်တယ်” ဟု မူဆယ်မြို့၊ ဟူမွန်ရပ်ကွက်နေသူတစ်ဦးက မဲခေါင်သို့ ပြောသည်။
ဖမ်းဆီးရမိမှုနှင့်ပတ်သက်၍ အသေးစိတ်အခြေအနေ သိရှိရန် မဲခေါင်အနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။
နယ်စပ်မြို့ဖြစ်သည့် မူဆယ်မြို့တွင် တရုတ်ဖက်က ဖိအားပေးမှုကြောင့် ကျားဖြန့်များကို ဖမ်းဆီးနေရာ လိုင်းကြေးပေးပြီး လုပ်ဆောင်နေသည့် ကျားဖြန့်ပိုင်ရှင် တရုတ်နိုင်ငံသားများကိုလည်း ဖမ်းဆီးနေကြောင်း သိရသည်။
ပြီးခဲ့သည့် လအတွင်းက တရုတ်နိုင်ငံသား ၄၁ ဦးကို ကျားဖြန့်မှုဖြင့် ဖမ်းဆီးရာတွင် ကျားဖြန့်လုပ်ငန်းရှင် ၄ ဦး ပါဝင်ခဲ့ကြောင်း သိရသည်။
မူဆယ်တွင် စစ်တပ်၊ ရဲနှင့် အုပ်ချုပ်ရေးပိုင်းကို လိုင်းကြေးပေးပြီး ပြည်သူ့စစ်အဖွဲ့မှ အမည်ခံကာ လုံခြုံရေးယူပေးနေသည့် KTV အမည်ခံ ကျားဖြန့်လုပ်ငန်း ၅၀ ကျော်ရှိကြောင်း စုံစမ်းသိရှိရသည်။
မဟာ
#MeKongNews
#မူဆယ်မြို့
#ကျားဖြန့်
#KTV
#ကောင်းမူတုံရပ်ကွက်
#တရုတ်နိုင်ငံသား








