မဲခေါင်၊ ဇူလိုင် ၁၀
အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံရသူများဖြစ်သည့် ရွှေညဝါဆရာတော် အရှင်ပညာသီဟနှင့် စာရေးဆရာ မောင်သာချိုတို့ ဇူလိုင်လ ၁၀ ရက် နံနက်ပိုင်းတွင် အချိန်ပိုင်းသာခြားပြီး ဆရာတော်မှာ အသည်းရောဂါဖြင့် ပျံလွန်တော်မူကာ ဆရာမောင်သာချိုမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
ရွှေညဝါဆရာတော်သည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်၊ မနက် ၂ နာရီ ၄၅ မိနစ်တွင် ပျံလွန်တော်မူခြင်းဖြစ်ပြီး ၎င်းကို ၁၉၆၅ ခုနှစ်မှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါးဂွေးကုန်းအုပ်စု ဘုရားကုန်းရွာတွင် မွေးဖွားခဲ့ပြီး ပျံလွန်တော်မူချိန်မှာ သက်တော် ၆၀၊ ဝါတော် ၂၇ ဝါ ရှိပြီဖြစ်ကြောင်း သိရသည်။
ရွှေညဝါဆရာတော် ခေါ် အရှင်ပညာသီဟသည် ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ် သာဓုပရိယတ္တိ စာသင်တိုက်မှ ကျောင်းထိုင် နာယက ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ စတင်ကာ ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ခဲ့သည်။
ဆရာတော် ဗုဒ္ဓစာပေများကို သင်ကြားပို့ချပေးနေသည့် ကျောင်းတိုက်အတွင်း စာသင်သား သံဃာတော် အပါအဝင် သံဃာတော်အပါး ၅၀၀ ခန့် သီတင်းသုံး နေထိုင်လျက်ရှိပြီး ဆရာတော်သည် အစိုးရ ဓမ္မစရိယ၊ ပါရဇိကဏ်ကျမ်းစွဲအောင်မြင်ခဲ့သလို အမျိုးသားဓမ္မာစရိယ စာမေးပွဲမှာ သာသနာပါလ ဓမ္မာစရိယဘွဲ့ကို ရရှိခဲ့သည်။
ဆရာတော်ကို စစ်ကောင်စီက ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလတွင် ထောင်နှစ်နှစ်ချမှတ်ခဲ့ရာ ယနေ့တွင်ပင် တစ်ရက်တည်းကွယ်လွန်ခဲ့သည့် စာရေးဆရာ မောင်သာချို နှင့်အတူ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အင်းစိန်ထောင်မှ တစ်ချိန်တည်း တစ်ရက်တည်း လွတ်မြောက်ခဲ့ကြသည်။
စာရေးဆရာမောင်သာချို ခေါ် ဂျက်(ကွမ်းခြံကုန်း)၊ မြန်မာစာပါမောက္ခ(ငြိမ်း) အမည်ရင်း Dr ဦးညွန့်သောင်း အသက် ၆၇ နှစ် သည် ယနေ့ နံနက် ဇူလိုင် ၁၀ ရက်၊ နံနက် ၈ နာရီတွင် ပင်လုံဆေးရုံကြီး၌ ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း စာရေးဆရာ နောင်ကျော်ထံက သိရသည်။
၎င်းသည် မြန်မာစာပေလောကတွင် ထင်ရှားပြီး မြန်မာစာပါမောက္ခတစ်ဦးလည်းဖြစ်ကာ ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ သုံးခွကျေးရွာတွင် အဖ ဦးဝင်းသိန်း၊ အမိ တို့က ၁၉၅၈ ခုနှစ်၊ မတ်လ ၁၁ ရက်အင်္ဂါနေ့တွင် မွေးဖွားခဲ့ပြီး အမည်အရင်းမှာ ဦးညွန့်သောင်းဖြစ်သည်။
စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စာရေးဆရာ မောင်သာချိုကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး စစ်အာဏာမသိမ်းမီ ရေးသားခဲ့သော ဆောင်းပါးများက နိုင်ငံတော် အကြည်ညိုပျက်စေသည် ဟု ဆိုကာ ပုဒ်မ ၅၀၅ (က) ဖြင့် စစ်တပ်က အမှုဖွင့် တရားစွဲခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် စာရေးဆရာ မောင်သာချိုကို စစ်တပ်က ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့သည်။
ယနေ့ တစ်ရက်တည်းအတွင်း ရဟန်းတော်နှင့် လူပုဂ္ဂိုလ် နှစ်ဦး ကွယ်လွန်ရမှုမှာ မြန်မာပြည်သူများအတွက် ကြီးမားသောဆုံးရှုံးရမှုကြီးပင် ဖြစ်သည်ဟု နိုင်ငံရေး၊ မြန်မာစာပေအသိုင်းအဝန်းက ဆိုသည်။
မဟာ
#MeKongNews
#ရွှေညဝါဆရာတော်
#မောင်သာချို
#ဂျက်ကွမ်းခြံကုန်း
#အရှင်ပညာသီဟ
မှတ်ချက် – ပုံဟောင်းများဖြစ်သည်။









