မဲခေါင်၊ ဇွန်၂၃
တောင်ကြီးမြို့ပေါ်ရှိ ရွေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေနှင့် စိန်ပန်းရပ်ကွက်အုပ်ချုပ်ရေးမှူးဦးသောင်းရွှေတို့က ပြည်သူ့စစ်မှုထမ်းသင်တန်းတက်ရန် အမည်စာရင်းပါသော် လည်းတိမ်းရှောင်နေ သူတစ်ဦးကို လက်ခံထားမှုဖြင့် ကံကြီးရပ်ကွက်မှ ခြံရှင်တစ်ဦးထံမှ ကျပ်သိန်း ၁၀၀ ငွေညှစ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသသတင်းရင်းမြစ်တစ်ဦးထံက သိရသည်။
စိန်းပန်းရပ်ကွက်နေ စိုင်းစံထွန်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ်အတွက် ခေါ်ယူခံရသည်ကို ထွက်ပြေးတိမ်းရှောင်ရာမှ ယင်းခြံအတွင်း ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ယင်းနောက်ခြံရှင်ကို ခြိမ်းခြောက်ငွေညှစ်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကံကြီးရပ်ကွက်၊ အမှိုက်ကန်နယ်မြေမှ ခြံရှင်ကို ရွှေတောင်ရပ်ကွက်ရုံးတွင်ခေါ်ယူ့ခြိမ်းခြောက်ကာ ငွေညှစ်ခဲ့ခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ဆိုသည်။
“စိန်ပန်းက ကောင်လေးက အဲခြံမှာ ပြေးရင်းလွှားရင်း ဝင်ပုန်းနေတာကိုမိတာ။ အဲတာကို ခြံရှင်ကိုဖွက်ပေးတာ၊ ဆွဲစိမယ် ဘာလုပ်မယ်၊ ညာလုပ်မယ်နဲ့ အုပ်စုလိုက်ခြိမ်းခြောက်တော့ ခြံရှင်လည်း မြေကွက်ရောင်းပြီး ပေးလိုက်ရတယ်။ ပေးတာကိုလည်း ပေါက်ကြားရင် ထပ်ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်နှုတ်ပိတ်ထားတယ်” ဟု ၎င်က မဲခေါင်ကို ပြောသည်။
စိုင်းစံထွန်းမှာ ပြည်သူ့စစ်မှုထမ်းအပတ်စဥ် ၁၁ ကို ကျိုင်းတုံရှိ တတက၁၁တွင် မတ်လ၁၇ ရက်မှ စတင်တက်ခဲ့ရပြီး ပြီးခဲ့သည့် ဇွန်လ၁၆ရက်က ကျောင်းဆင်းသွားခဲ့သည်ဟု သိရသော်လည်း မည်သည်ရှေ့တန်းသို့ ပို့ဆောင်ခံရကြောင်းမသိရဟု စိန်ပန်းရပ်ကွက်နေသူများက ပြောသည်။
“ဒီသန်းရွှေက ဧည့်စာရင်း ဘာညာ လုပ်စားလို့ရသမျှ ပြည်သူကိုနှိပ်စက်နေတာ။ သူ့ကြောင့် ဒုက္ခရောက်ရတဲ့လူငယ်တွေ အများကြီး”ဟု တောင်ကြီး ဒေသခံတစ်ဦးကပြောသည်။
ယခု ခြံရှင်ကို ခြိမ်းခြောက်ငွေညှစ်တောင်းခံသူ ရွှေတောင်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသန်းရွှေမှာ နံမည်ဆိုးနှင့် ကျော်ကြားလွန်းသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ၏ သတိပေးမှုကို မကြာခဏ ခံရသူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
မဟာ
#MeKongNews
#တောင်ကြီးမြို့နယ်
#ရွှေတောင်ရပ်ကွက်
#စိန်ပန်းရပ်ကွက်
#စစ်မှုထမ်း
#ငွေညှစ်
#ဦးသန်းရွှေ








