မဲခေါင်၊ ဇွန် ၁၆
စစ်မှုထမ်းရန် အသက်ပြည့်သူများအားလုံးကို ဟဲဟိုးမြို့နယ်၊ ဝါးရုံပင်ကျေးရွာ ရွာသူကြီးက မဲလာမနှိုက်မနေရဟုဆိုကာ ခြိမ်းခြောက်မဲနှိုက်ခဲ့ရာ မဲနှိုက်သူအားလုံးမဲပေါက်ခဲ့ကြောင်း သိရပါသည်။
ယနေ့ ဇွန်လ ၁၆ ရက်နေ့၊ မနက် ၉ နာရီတွင် ဝါးရုံပင်ရွာလယ်ခန်းမတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်အားလုံးမဲနှိုက်ရန် အရောက်လာရမည်၊ ၁၀ နာရီကျော်မှ ရောက်လာသူများကို ပျက်ကွက်စာရင်းသွင်းပြီး မြို့နယ်ရုံးကို စာရင်းပို့မည်ဆိုကာ ရွာလူကြီး ဦးဝတုတ်က အသံချဲ့စက်ဖြင့် အော်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ရွာခံများထံက သိရသည်။
ယင်းကျေးရွာတွင် စစ်မှုထမ်းရန် မဲသွားနှိုက်ရသည့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း လူငယ် ၄၀၀ ရှိခဲ့ပြီး အားလုံးမဲပေါက်ခဲ့ကြောင်း၊ မဲပေါက်သူများ နံပါတ်အစဥ်အတိုင်း စစ်မှုထမ်းသွားရမည်ဖြစ်ကြောင်း သိရသည်။
“အဲ့လိုနှိုက်ခိုင်းတာ အားလုံးကပေါက်တယ်။ ပေါက်နံပါတ် အပါတ်စဥ်တိုင်းသွားရမယ်တဲ့။ ငွေပုံမှန်မထည့်တဲ့သူတွေဆို ထည့်မှာတဲ့၊ ငွေပုံမှန်ထည့်ထားတဲ့သူဆို လူငှားထည့်ပေးမှာတဲ့။ မဲက တစ် ကနေ ၄ရာကျော်လေ၊ ကျတဲ့နံပါတ်စဥ်တိုင်းလိုက်ရမှာ။ လူငှားရရင် ကံကောင်းမှာပေါ့။ မရတော့ ကျတဲ့သူလိုက်ပေါ့” ဟု ရွာခံတစ်ဦးက ဆိုသည်။
ယခင် ဝါးရုံပင်ကျေးရွာတွင် တစ်လလျှင် တစ်အိမ် ၂ သောင်းကျပ်ကောက်ခံပြီး စစ်မှုထမ်းမည့်သူငှားထည့်ခဲ့သော်လည်း ယခုအခါ လူစားငှားမရတော့သဖြင့် မဲနှိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
သို့သော်လည်း ရွာသူကြီး ဦးဝတုတ်ကမူ လစဥ် ၂သောင်းကျပ် ပုံမှန်ပေးနိုင်သည့်သူကို စစ်မှုထမ်းမပါစေဘဲ လူငှားရှာပေးမည်ဟု မက်လုံးပေးထားသည်ကို ရွာခံများက အယုံအကြည်မရှိဖြစ်နေကြောင်း ကျေးရွာသားတစ်ဦးကပြေသည်။
“ငှားမရရင် နံပါတ်စဉ်အတိုင်းလိုက်ရတော့မှာ၊ မဲနံပါတ် ၁၀ ကျော်တွေကျတော့ မျက်နှာတွေပျက်ကုန်ရောပေါ့။ ခုက သူ(ရွာသူကြီး) ပြောပုံအရ လူငှားရသလောက် ငှားထည့်ပေးမယ်။ ပိုက်ဆံထည့်တာတော့ထည့်ရမှာ၊ မရတဲ့အဆုံးတော့ အလှည့်ကျလိုက်ကြပေါ့” ဟု သူကဆက်ရှင်းပြသည်။
ဝါးရုံပင်ရွာတွင် မူလက အိမ်ခြေ ၃၅၀ ခန့်ရှိသည့် ကျေးရွာကြီးတစ်ရွာဖြစ်ပြီး အခြားဒေသမှ စစ်ရှောင်များပါ လာရောက်နေထိုင်ကြသဖြင့် ၂ နှစ်အတွင်း အိမ်ခြေ ၃၅၀ ခန့်မှ ၅၀၀ ခန့်ထိ ရှိနေပြီဖြစ်သည်။
ဝါးရုံပင်ရွာသူကြီး ဦးဝတုတ်သည် စစ်မှုထမ်းကြေး အဆမတန်ကောက်ခံမှုဖြင့် တိုင်ခံရသဖြင့် ရာထူးပြုတ်ဖူးသော်လည်း ၎င်းနေရာတွင် အစားထိုး ရွာအုပ်ချုပ်မည့်သူ မရှိသဖြင့် ရွာသူကြီးအဖြစ် ပြန်လည်ခန့်အပ်ခံထားရသူဖြစ်ကြောင်းသိရသည်။
နန်းမွန်း
#MeKongNews
#ဟဲဟိုး
#ဝါးရုံပင်ရွာ
#စစ်မှုထမ်း
#မဲနှိုက်
#ငွေကောက်
#ရွာသူကြီး








