မဲခေါင်၊ ဇွန် ၁၄
စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်၏ စီးပွားရေးနှင့် ဆက်ဆံရေးရုံကို ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ဇွန်လ ၁၄ ရက်နံနက် ၉ နာရီခွဲက တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ) ရပ်ကွက်ရှိ တိုးနယားကွင်း၊ စံပယ်လမ်းတွင် ဖွင့်လှစ်ခဲ့သည်။
ယင်းရုံးဖွင့်ပွဲသို့ ခရိုနီ ခွန်နေဝင်းထွန်းက အသွင်ပြောင်းပြည်သူ့စစ် (ဌာနေ) ကွပ်ကဲမှုဌာနချုပ်ရုံးမှ တွဲဖက်ကွပ်ကဲရေးမှုး(၁)အဖြစ်လည်းကောင်း၊ အတွင်းရေးမှူး ခွန်သိန်းဖေတို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
“ထူးခြားတာကတော့ PNO ကွန်မန်ဒို ဆိုတဲ့ ယူနီဖောင်းဝတ် တစ်ဒါဇင်လောက်ကိုတွေ့ရတာပဲ။ ကျန်တာတော့ ဖဲကြိုးဖြတ်ဖွင့်တာပါပဲ”ဟု ယင်းရုံးဖွင့်ပွဲသို့ တက်ရောက်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
တာချီလိတ်စီးပွားရေးနှင့် ဆက်ဆံရေးရုံး တာဝန်ခံမှာ ဦးကျော်သိန်း ခေါ် ခွန်မောင်ညိုဖြစ်ပြီး တွဲဘက်ဆက်ဆံရေးမှူးအဖြစ် ခွန်လှဖေ ခေါ် လေဆာတို့က တာဝန်ယူထားကြောင်းသိရသည်။
ဆက်ဆံရေးရုံးတာဝန်ခံမှာ အငြိမ်းစား ထွေအုပ်ဦးစီးတစ်ဦးဖြစ်ပြီး ခရိုနီ ခွန်နေဝင်းထွန်း၏ စီးပွားရေး အထောက်အကူအဖြစ် တာဝန်ယူရသူဖြစ်ကြောင်း သိရသည်။
PNO အနေဖြင့် နယ်စပ်ဒေသ ဆက်ဆံရေးရုံးအဖြစ် တာချီလိတ်တွင် ဖွင့်လှစ်ပြီး ခရိုနီ ခွန်နေဝင်းထွန်း၏ ကွပ်ကဲမှုဖြင့် စီးပွားရေးခြေလှမ်းချဲ့လာခြင်းဟု နိုင်ငံရေး၊ စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။
“PNO က စကစကို ဘက်ဂရောင်း(ကျောထောက် နောက်ခံ)ပြုပြီး နယ်စပ်ကုန်တွေ တပ်ဖွဲ့ဆိုင်ရာကိစ္စရပ်တွေ၊ သတ္တုတူးတာတွေ လုပ်မယ်လို့ပဲသုံးသပ်တယ်။ PNOက ရှမ်းအရှေ့မှာ လှုပ်ရှားနယ်မြေမရှိသလို ခြေကုတ်စခန်းလည်း မရှိဘူး။ စစ်တပ်အကူအညီနဲ့လုပ်လာရင်လည်း နယ်မြေခံတွေနဲ့ ငြိကုန်မှာပဲ” ဟု ၎င်းက ပြောသည်။
တာချီလိတ်တွင် လက်နက်ကိုင်တပ်များ၏ ဆက်ဆံရေးရုံးများအဖြစ် UWSA ‘ဝ’ဆက်ဆံရေးရုံးနှင့် RCSS ဆက်ဆံရေးရုံးများ ရှိနေသည်။
PNO အနေဖြင့် တာချီလိတ်တွင် စီးပွားရေးနှင့် ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းမှာ ခေါင်းဆောင်တစ်စု၏ ကိုယ်ကျိုးစီးပွားအတွက်သာ ဖြစ်ပြီး ပအိုဝ်းပြည်သူများ၏ အကျိုးစီးပွား လုံးဝမပါဝင်ကြောင်း၊ ပအိုဝ်းဒေသတွင်ပင် ပြည်သူလူထုထံမှ ဆက်ကြေးကောက်၊ တပ်သားသစ်စုဆောင်း၊ အနိုင်ကျင့်သည့်လုပ်ရပ်များသာ လုပ်ကြသူများဖြစ်ကြောင်း ပအိုဝ်းလူငယ်တစ်ဦးက ပြောသည်။
PNO စီးပွားရေးနှင့် ဆက်ဆံရေးရုံးမှာ တာချီလိတ်မြို့တွင် လွန်ခဲ့သည့်တစ်နှစ်ကျော်ကတည်းက ရှိနေခြင်းဖြစ်ပြီး ယခုမှသာဖွင့်ပွဲပြုလုပ်ခြင်း ဖြစ်သည်။
မဟာ
#MeKongNews
#PNO
#တာချီလိတ်
#စီးပွားရေးနှင့်ဆက်ဆံရေးရုံး
#ခွန်နေဝင်းထွန်း








