မဲခေါင်၊ ဇွန် ၁၄
တောင်ကြီးမြို့ပေါ်တွင် နေထိုင်သည့် အသက် ၇၀ အရွယ် သားသမီးနောက်ခံမရှိသည့် အဘိုး၊ အဘွားလင်မယား ၂ ဦးထံမှ စစ်မှုထမ်းကြေးကောက်ခံနေ၍ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံမှ သိရသည်။
စစ်မှုထမ်းကြေးကောက်ခံရသည့် လင်မယားမှာ ဝါးပြားရပ်ကွက်တွင် နေထိုင်သူများဖြစ်ပြီး အမျိုးသားဖြစ်သူမှာ အသက် ၇၀၊ ဇနီးသည်မှာလည်း အသက် ၆၂ နှစ် ရှိပြီဖြစ်ကြောင်း၊ စစ်မှုထမ်းရန် သားသမီးမရှိသော်လည်း စစ်မှုထမ်းကြေးကောက်ခံခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။
“ကျွန်တော်သည် အသက် ၇၀ ရှိပါပြီ။ ဇနီးသည်မှာလည်း ၆၂ နှစ်ရှိပါပြီ။ ဇနီးသည်မှာလည်း အရွယ်နဲ့မမျှအောင် စျေးရောင်း၍ ဝမ်းရေးကို ဖြေရှင်းနေရပါတယ်။ စစ်မှုထမ်းရန် သားသမီးလည်း မရှိပါ။ သူတို့တောင်းသော ငွေမထည့်ပါက ကျွန်တော်တို့လင်မယား အဖိုးကြီးအဖွားကြီးနှစ်ယောက် ဘာဖြစ်နိုင် မဖြစ်နိုင် အလင်းပြပေးကြပါအုံး” ဟု ကိုယ်တွေ့ကြုံသူ အဘိုးက လူမှုကွန်ယက်ပေါ်တွင် မျှဝေဖော်ပြထားသည်။
စစ်မှုထမ်းကြေးကောက်ခံရသည့် လင်မယားမှာ တောင်ကြီးမြို့၊ ဝါးပြားရပ်ကွက်တွင် နေထိုင်ခြင်းဖြစ်ပြီး ဇွန်လ ၁၂ ရက် ညပိုင်းတွင် တစ်အိမ် ကျပ် ၅ သောင်း ကောက်ခံ ခံရခြင်းဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်တွင် စစ်မှုထမ်း အပါတ်စဉ် ၁၄ အတွက် စစ်မှုထမ်းလူငယ်များကို မြို့၊ ရွာအလိုက်ဆင့်ခေါ်ခြင်း၊ မဲနှိုက်ရွှေးချယ်ခြင်း၊ အစားထိုးရန် အခကြေးငွေတောင်းခံခြင်းတို့ကို ပြုလုပ်နေပြီး တောင်ကြီးမြို့ပေါ်တွင် စစ်မှုထမ်းကြေး အနည်းဆုံး ကျပ် ၅၀၀၀၀ မှ တစ်သိန်းခွဲအထိ တောင်းခံနေကြကြောင်း ဒေသခံများထံမှ သိရသည်။
ဖေသန်း
#MeKongNews
#တောင်ကြီးမြို့
#စစ်မှုထမ်း
#ဝါးပြားရပ်ကွက်
#ရှမ်းပြည်








