မဲခေါင်၊ ဇွန် ၁၃
ဈေးဆိုင်များ၊ ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် တောင်ကြီးမြို့ရှိ လုပ်ငန်းဆိုင်းဘုတ်များတွင် အင်္ဂလိပ်ဘာသာဖြင့် ရေးထိုးထားပါက မြန်မာဘာသာသို့ ပြန်ပြောင်းရန် စစ်ကောင်စီရပ်ကွက်ရုံးများက လိုက်လံညွှန်ကြားနေကြောင်း ဈေးဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ယင်းစီမံချက်ကို မည်သည့်နေ့ကစတင်ပြီး ညွှန်ကြားသည်ကို တရားဝင်စာပို့ခြင်း၊ ဆိုင်ပိုင်ရှင်များသိအောင် ထုတ်ပြန်ခြင်းမရှိသော်လည်း တောင်ကြီးမြို့၊ မြို့မဈေးအနောက်ဘက်ကပ်လျက် ဟော်ကုန်းရပ်ကွက်ရုံးမှ ဇွန်လ ၁၁ရက်တွင် စတင်ကာ ရပ်ကွက်တွင်းရှိဆိုင်များကို ရပ်ကွက်လူကြီးကိုယ်တိုင် လိုက်လံပြောနေခြင်းဖြစ်ကြောင်းသိရသည်။
ဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက အင်္ဂလိပ်စာပါ ဆိုင်းဘုတ်များအား ကြိုတင်ရိုက်ယူထားသည့် ဓာတ်ပုံများဖြင့် မြန်မာဘာသာသို့ ၁၅ ရက်နေ့နောက်ဆုံးထားကာ ပြောင်းလဲပေးရန် တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် လိုက်ပြောခဲ့ကြောင်း သိရသည်။
“သူတို့စီမံချက်ထွက်ပြီးပြီးချင်း ဘိုးတော် ၂ယောက်က ဆိုင်ကိုလက်ညှိုးထိုးပြီး အထက်ကစာထွက်တာလည်းမပြဘဲ မြန်မာလိုပဲရေး၊ အင်္ဂလိပ်လိုတစ်လုံးမှ မပါရဘူးဆိုပြီး မနက်စောစောစီးစီး လာပြောသွားတယ်။ စာထွက်တာဟုတ်တယ်၊ သူတို့ပြတယ်။ စာရွက်တော့မပေးခဲ့ဘူး” ဟု ဟော်ကုန်းရပ်ကွက်က ဆိုင်ပိုင်ရှင်တစ်ဦးက ပြောပြသည်။
ယနေ့တွင် အစောဆုံး ဆိုင်တိုင်ရာရောက် ညွှန်ကြားခံရသော ဟော်ကုန်းရပ်ကွက်က ဆိုင်များအားလုံးနီးပါး မြန်မာဘာသာသို့ ပြောင်းလဲပြီးဖြစ်သလို City Square တဝိုက်ရှိ ဈေးဆိုင်များကိုပါ မြန်မာဘာသာပြောင်းရန် ညွှန်ကြားမှုများ ရှိခဲ့ကြောင်းသိရသည်။
“နာရီစင်နားက AK ဆီစက်ဆိုတော်သေးတယ်။ KOSE showroom ဆို ကိုဆဲ လို့ပြောင်းရေးရင် ဆဲနေသလို တမျိုးကြီးလေနော်။ အဲဒါ သူတို့ဘယ်လို လုပ်မယ်မသိဘူး” ဟု နာရီစင်အနီး ဆိုင်ဖွင့်ထားသော ဆိုင်ပိုင်ရှင် တစ်ဦးက ဆိုသည်။
ဟော်ကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးက အင်္ဂလိပ်စာပါလျှင် လုံးဝလက်မခံနိုင်ဟုဆိုသော်လည်း ရပ်ကွက်စာရေးမများကမူ မြန်မာနှင့် အင်္ဂလိပ် ၂ ဘာသာဖြင့် ဆိုင်းဘုတ်တပ်ထားလျှင် နားလည်မှုဖြင့် လက်ခံပေးနေကြောင်း သိရသည်။
ထိုစီမံချက်အား တောင်ကြီးတစ်မြို့လုံးရှိ ဆိုင်များအပြင် အငှားယာဥ်(တက်စီ)များကိုပါ သက်ရောက်စေမည်ဖြစ်ကြောင်း ကောလဟာလများ ထွက်နေသောကြောင့် မြို့လည်ခေါင်၊ အနောက်မြို့ပတ်လမ်းက ဆိုင်များ၊ လုပ်ငန်းကြီးများလည်း မြန်မာဘာသာဖြင့် အလျင်မီပြောင်းနိုင်ရန် ဆိုင်းဘုတ်အသစ်မတပ်သေးဘဲ ရိုးရိုးဗီနိုင်းဖြင့် မူလဆိုင်းဘုတ်အပေါ်မှ ပြောင်းလဲတပ်ဆင်နေကြရသည်။
စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့နယ်စည်ပင်က ရေကြီးရေလျှံမှု ပြဿနာအား ဖြေရှင်းနိုင်ခြင်း မရှိသော်လည်း ယခုကဲ့သို အဓိပ္ပာယ်မရှိသည့် ကိစ္စရပ်များ လုပ်ဆောင်နေသည့်အပေါ် မြို့ခံလူထုက ဝေဖန်နေကြသည်။
နန်းမွန်း
#MeKongNews
#တောင်ကြီး
#ဆိုင်းဘုတ်
#အင်္ဂလိပ်
#မြန်မာ
#ဟော်ကုန်း








