မဲခေါင်၊ ဇွန် ၁၃
ဗဟိုကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (ကလလတ) လက်အောက်သို့ ပျားတူ(ပဒူ)စစ်လက်နက်ခဲယမ်း တပ်ဖွဲ့ – Hornet PDF ကို “ပျားတူစစ်လက်နက်ခဲယမ်း ထုတ်လုပ်ရေးဌာန” အဖြစ် ယမန်နေ့ ဇွန်လ၁၂ရက်တွင် ပြောင်းလဲဖွဲ့စည်းလိုက်ကြောင်း “ကလလတ” မှထုတ်ပြန်သည်။
ပျားတူ(ပဒူ) – Hornet PDF စစ်လက်နက်ထုတ်လုပ်ရေးအဖွဲ့သည် ယခင်က အလယ်ပိုင်းတိုင်းစစ်ဒေသ၏ လက်နက်ထုတ်လုပ်ရေးတပ်ဖွဲ့အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ယခုစစ်ကောင်စီကို တိုက်ပွဲဝင်လာသည့် ကလလတ ထံ ပြန်လည် ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း Hornet PDF အဖွဲ့ ၏ ပြောခွင့်ရ မင်းဘုဏ်းလူက မဲခေါင်သို့ ယနေ့ ဇွန်၁၃ရက်တွင် ပြောသည်။
“တိကျတဲ့ အမိန့်အောက်မှာ အလုပ်လုပ်ရတာပေါ့။ ရဲဘော်တွေက နယ်ပယ်စုံကလာခဲ့သူတွေ စကစကို လက်နက်ကိုင်တိုက်ချင်တဲ့သူတွေ၊ တကယ်လုပ်ရတာကြတော့ ထုတ်လုပ်ရေး၊ သူများတွေလို တိုက်ပွဲထဲမလိုက်ရ ကြာတော့ ငြီးငွေ့လာတာပေါ့။ ရဲဘော်တွေ စိတ်ဓာတ်မကျအောင် ကြိုးစားရတယ်။ အဲဒီတော့တော်လှန်ရေးမှာ အဓိကလိုအပ်နေတဲ့ အရာတွေကို အကုန်ထုတ်ပါတယ်ဗျ” ဟု ၎င်းက ပြောသည်။
Hornet PDF – ပျားတူ(ပဒူ)အဖွဲ့သည် စစ်မြေပြင်အတွက် ဒရုန်းဗုံးသီးများ၊ မိုင်းများ၊ လက်နက်ခဲယမ်းများ ထုတ်လုပ်ပေးနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး လက်နက်ခဲယမ်း ပြုပြင်ရေးများ ပြုလုပ်ပေးနေသည့် အဖွဲ့လည်း ဖြစ်သည်။
“လက်ရှိမှာ တီဇက် 23, တီဇက် 24, Dropဗုံး၊ မိုင်းတွေ စသဖြင့်ပေါ့။ သေနတ်အမျိုးအစားက TZ 24 နဲ့ AR 15ပါ။ ကျည်ကတော့ ကပစထုတ် 5.56ရော အော်ကျည်ရော သုံးလို့ရပါတယ်ဗျ။ ဒါတွေကို ကျနော်တို့ ထုတ်လုပ်နေပါတယ်” ဟု မင်းဘုဏ်းလူက ပြောသည်။
Hornet PDF သည် ရှေ့တန်းစစ်မြေပြင်တွင် ပျားတူထုတ် စစ်လက်နက်ပစ္စည်းများဖြင့် စစ်ကောင်စီကိုချေမှုန်းနိုင်ရန် အထောက်အကူပြုနေသည့်အဖွဲ့ဖြစ်ပြီး ထုတ်လုပ်ရေးအတွက်ကုန်ကြမ်းနှင့် ငွေကြေးလိုအပ်ချက်များကြားမှ နွေဦးတော်လှန်ရေးတွင် မဟာမိတ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်နေသည့် အဖွဲ့ဖြစ်ကြောင်း သိရသည်။
မဟာ
#MeKongNews
#ပျားတူစစ်လက်နက်ခဲယမ်းတပ်ဖွဲ့
#ကလလတ
#HornetPDF
#ဒရုန်းဗုံးသီး
#လက်နက်ခဲယမ်း








