မဲခေါင်၊ မေ ၃၀
အနောက်နိုင်ငံများကို နျူကလီးယားလက်နက်ဖြင့် အစဉ်အဆက် ခြိမ်းခြောက်နေသော ရုရှားသမ္မတ ပူတင်၏ အထူးလျှို့ဝှက် နျူကလီးယားလက်နက်ထားရှိရာ နေရာသစ်မှာ အခိုင်အမာ ပေါက်ကြား ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။
ဒိန်းမတ် NGO အဖွဲ့အစည်း Danwatch နှင့် ဂျာမန် Der Spiegel မီဒီယာသည် ယခင် မည်သူမျှ မသိရှိ သေးသော ရုရှား၏ ပင်မ နျူကလီးယားလက်နက်များ ထားရှိရာ စခန်းသစ်ကြီး တည်နေရာနှင့် မြေပုံ များအပါ စစ်ရေး လျှို့ဝှက်စာရွက်စာတမ်းပေါင်း ၂ သန်းကျော်ကို ရရှိသွားပြီး ယခုလို ကမ္ဘာသိဖော်ပြ သွားခြင်းဖြစ်သည်။
ရုရှားနိုင်ငံ တောင်ဘက်စွန်း Ural တောင်တန်းများရှိရာဒေသမှ ကမ္ဘာ့အလုံခြုံဆုံး စစ်စခန်းဟု သတ်မှတ် နိုင်သည့် Yasny မြို့ငယ်လေးအနီးတွင် အဆိုပါ နျူကလီးယားလက်နက်များ ထားသိုထိန်းချုပ်ရာ နေရာ ၂ ခုကို ပေါက်ကြားလာသော စစ်ရေးမှတ်တမ်းများအရ အတိအကျသိရှိရခြင်းဖြစ်ပြီး ထိုနေရာမှ နျူကလီးယားဒုံးကျည်များဖြင့် ဥရောပရှိ မည်သည့်မြို့ကို မဆို ၁၀ မိနစ်အတွင်း အရောက် ပစ်ခတ်နိုင် မည်ဖြစ်ကြောင်းလည်း သိရှိရသည်။
ယခင်က Yasny မြို့အနီး နျူကလီးယားလက်နက်ဆိုက် တစ်ခုရှိသည်ကို သိရှိထားပြီးဖြစ်ရာ ရုရှားပိုင် နျူကလီးယားလက်နက်ဆိုက် ၁၁ ခုထဲမှ တစ်ခုဟုသာ သိရခြင်းဖြစ်သည်။
သို့သော် ယခု အသစ်တွေ့ ရသည့် ဆိုက်များမှာ အထူးလျှို့ဝှက် ပင်မ နျူကလီးယားလက်နက် စခန်းကြီးအဖြစ် နည်းပညာသစ် များဖြင့်ပင် တည်ဆောက်ထားသည်ကို သိရှိရကာ လျှပ်စစ်လွှတ် ခြံစည်းရိုးများ၊ ကင်းမျှော်စင်များ၊ အဝေးထိန်းခလုတ်သုံး စက်သေနတ်များ၊ ဘားတိုက်များ၊ အနီအောက်ရောင်ခြည်သုံး ဆင်ဆာတပ် အကာအရန် အတားအဆီးများဖြင့် ၁၀ မိုင်ပတ်လည်တွင် တည်ထားခြင်းဖြစ်ကာ မြေအောက်ဘန်ကာ များအတွင်း နျူကလီးယားလက်နက်များ ထားရှိသည့် ဆိုက်များလည်း မြင်တွေ့ရခြင်းဖြစ်သည်။
ပူတင်သည် ၂၀၁၈ ခုနှစ်ကတည်းက မိမိတို့ နျူကလီးယားအဆင့်မြှင့်တင်မှုသည် မည်သူမျှ လိုက်မမီ သောအင်အားရှိနေပြီဖြစ်သောကြောင့် မိမိတို့ အသံကို ဥရောပနှင့်အနောက်အင်အားစုများ မဖြစ်မနေ နားထောင်ရတော့မည်ဟု ကြုံးဝါးခဲ့သည်။ မကြာသေးမီကလည်း မိမိတို့သည် နျူကလီးယားလက်နက် စတင်အသုံးပြုမည်မဟုတ်ဘဲ ထိုလက်နက်ဖြင့် တိုက်ခိုက်လာသည့် ရန်သူကို ပျက်သုန်းစေရေးတွင်သာ နျူကလီးယားလက်နက် သုံးသွားမည်ဟု ပြောဆိုခဲ့သည်။
နျူကလီးယားထိပ်ဖူး ဒုံးကျည်ပေါင်း ၉၀၀ ကျော်ကို ထိုလျှို့ဝှက်စခန်း မြေအောက် ဥမင်ရှည်များ အတွင်း ထားရှိထားပြီး ကောင်းကင်မြေပုံတွင် ဗိုလော့ဒါအရပ် စခန်း၌ နျူကလီးယား ထပ်ဖူး ၅ ခု ထိန်းသိမ်းတပ်ဆင်ထားရာ သိုလှောင်ဘန်ကာ ၅ ခုကိုလည်း မြင်တွေ့ရသည်။
ဒိန်းမတ်နှင့်ဂျာမန် သတင်းဝက်ဘ်ဆိုက်မှ ရုရှားနျူကလီးယားအရေး အထူးကျွမ်းကျင်သူ Tom Roseth က ရုရှား၏ နျူကလီးယားပါဝါအနေအထားကို အနောက်ဥရောပနိုင်ငံများ အရှိတရားအတိုင်း သိရှိထားနိုင်ရန် မှာ အထူးအရေးကြီးကြောင်း၊ လုံခြုံရေးမူဝါဒများ ချမှတ်ထားမှုများကို ပြန်လည် သတ်မှတ်ပြင်ဆင်ကာ ကာကွယ်ရေးစာရိတ်များကို ထပ်မံ တိုးမြှင့်အသုံးပြုကြရန် လိုအပ်နေပြီဟု သတိပေးပြောဆိုသွားခဲ့သည်။
ပူတင်အနေဖြင့် နိုင်ငံ၏ မဟာဗျူဟာ နျူကလီးယားလက်နက်လျှို့ဝှက်စခန်းကြီးနှင့် စစ်ရေးအချက် အလက်များစွာ ပေါက်ကြားမှုကြောင့် လွန်စွာ ဒေါသထွက်မည်ဖြစ်ကာ စခန်းကို တခြားနေရာသို့ ပြန်လည်ပြောင်းရွှေ့ထားရှိလျှင်လည်း ကုန်ကျစားရိတ်များစွာရှိနိုင်သဖြင့် အကျပ်ရိုက်နေကြောင်း သိရသည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#ရုရှား
#နျူကလီးယား
#ပူတင်
#လျှို့ဝှက်စခန်း








