မဲခေါင်၊ မေ ၂၈
စစ်ကောင်စီသည် ၎င်းထိန်းချုပ်နိုင်ခြင်းမရှိသည့်နယ်မြေများရှိ စာသင်ကျောင်းများ၊ ဆေးရုံများ စသည့် လူစုလူဝေး ရှိရာနေရာများကို လေကြောင်းမှ နည်းလမ်းမျိုးစုံဖြင့် ဗုံးကြဲခြင်း၊ စက်သေနတ်များဖြင့် ရည်ရွယ်ချက်ရှိရှိပစ်ခတ်တိုက်ခိုက်ခြင်း၊ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ကြောင့် NUG ကြားကာလပညာရေးကျောင်းများအား ယာယီပိတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနက မေလ ၂၅ ရက်နေ့တွင်သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် တော်လှန်ရေးတပ်များ ထိန်းချုပ်ရာနယ်မြေရှိ NUG ကြားကာလပညာရေးကျောင်းများ၌ ကလေးငယ်များ ပညာမသင်ကြားရဲအောင် လေကြောင်းတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ကလေးများ အစုလိုက်အပြုံလိုက် ထပ်မံသေဆုံးမှုမဖြစ်စေရန် သင်ကြားနည်းပုံစံ ပြောင်းလဲခြင်းဖြစ်ကြောင်း စလင်းမြို့နယ်ရှိ ကြားကာလပညာရေးအဖွဲ့ဝင် ဆရာမတစ်ဦးကမဲခေါင်ကိုပြောသည်။
“ကျမတို့တော့ ကလေးတွေအသက်က ဦးစားပေးပါ။ နိုင်ငံမကောင်းနေမချင်းတော့ ပညာရေးက အသက်ရှင်နေရင် သင်လို့ရပါတယ်။ အဲတော့ ကလေးတွေ အစုလိုက်အပြုံလိုက် မသေရအောင် သင်ကြားနည်းပုံစံတွေလည်း ပြောင်းနေပါတယ်” ဟု၎င်းကဆိုသည်။
NUG ပညာရေးကျောင်းများအား ပြန်လည်ဖွင့်လှစ်ရမည့်အချိန်အား ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မည်ဖြစ်ပြီး ၎င်းအချိန်မတိုင်ခင်အထိပိတ်ထားရန် ပညာရေးဝန်ကြီးဌာနမှညွှန်ကြားထားကြောင်း NUG ပညာရေးဝန်ထမ်းတစ်ဦးက မဲခေါင်ကိုပြောသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မေလအတွင်း NUG ပညာရေးကျောင်း၌ ပညာသင်ယူနေသည့်ကလေးငယ် အနည်းဆုံး ၂၄ ဦးအထိသေဆုံးခဲ့ရပြီး ၎င်းအပေါ် ကျောင်းသားများ ဆက်လက်ပညာသင်ကြားစေရန် စိတ်မချသော်လည်း စစ်ကောင်စီပညာရေးတွင် ပညာသင်ကြားရန်မဖြစ်နိုင်သောကြောင့် NUG ကျောင်းများတွင် ဆက်လက်သင်ယူစေကြောင်း ကျောင်းသားမိဘတစ်ဦးက မဲခေါင်ကိုပြောသည်။
“ကျွန်မ သား ၂ယောက်ပါ။ စကစ ကျောင်းတတ်ခိုင်းရင် ပညာရေးကိစ္စကိုနောက်ထားဦး တခြားကိစ္စတွေနဲ့ ပျက်စီးမယ့်လမ်းကြောင်းတွေ အများကြီးမို့ စကစ ကျောင်းကို ဆန်ကျင်တာပါ။ ပညာတတ် ကလေးတွေ ဖြစ်လာမှာကို တားချင်လို့ NUG ပညာရေးကျောင်းတွေကို တိုက်ခိုက်နေတာလို့ထင်ပါတယ်။ အဲ့ဒီက ကျောင်းသားတွေ ဘယ်လောက်တော်သလဲ မိဘတွေ အသိဆုံးပေါ့။ လိုင်းပေါ်မှာ မပြောရဲကလို့သာ အသံတိတ်နေကြတာ” ဟု၎င်းကဆိုသည်။
လက်ရှိ စစ်ကောင်စီပညာရေးကျောင်းများတွင် တစ်နှစ်လျှင် ငွေ ၁၅ သိန်းခန့်ကုန်ကျခံနိုင်ပါက ကျောင်းပုံမှန်တက်စရာမလိုကြောင်း၊ ကျောင်းခေါ်ချိန်မပြည့်မှီသည့် ကျောင်းသားများအား စာမေးပွဲဖြေဆိုခွင့်ပေးကြောင်း၊ ကျောင်းတွင်းမူးယစ်ဆေးဝါး သုံးစွဲမှုများကိုလည်း ဂရုစိုက်မှုမရှိကြောင်း ယင်းကျောင်းသားမိဘက ရှင်းပြသည်။
စစ်ကောင်စီမှ NUG ပညာရေးကျောင်းများအား လေကြောင်းတိုက်ခိုက်နေခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး သင်ယူနေသူ ကျောင်းသားများတင်သာမကဘဲ ပညာသင်ကြားပေးနေသော ဆရာမများတွင်လည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် ဖုန်းစစ်ခံရခြင်းနှင့် စိတ်မလုံခြုံခြင်းများ ခံစားနေရကြောင်း ထားဝယ်ဒေသ NUG ပညာရေးဝန်ထမ်းတစ်ဦးက ပြောသည်။
စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုများသည် ကလေးငယ်များ လွတ်လပ်စွာ ပညာသင်ကြားခွင့်ကို အပြင်းအထန်ချိုးဖောက်ရာရောက်ပြီး ကလေးငယ်များအား အကြောက်တရားကင်းမဲ့စွာ ပညာသင်ယူစေလိုကြောင်း NUG ပညာရေးအသိုင်းအဝိုင်းက ဝေဖန်သည်။
စစ်ကောင်စီသည် ၎င်းထိန်းချုပ်နိုင်ခြင်းမရှိတော့သည့် နယ်မြေများရှိ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ကျန်းမာရေးအဆောက်အဦ၊ လူနေကျေးရွာတို့ကို နေ့စဥ်ဆိုသလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် ဧပြီလအတွင်း စာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှု ၁၇ ကျောင်းအထိရှိခဲ့ပြီး အသက် ၁၈ နှစ်အောက် ကလေးငယ် ၃၄ ဦးသေဆုံးကာ အနည်းဆုံး ၅၈ ဦး ဒဏ်ရာရရှိခဲ့သည်။
ဂနိုက်
#MeKongNews
#ကြားကာလပညာရေး
#NUG
#လေကြောင်းတိုက်ခိုက်မှု
#ပညာရေးဝန်ကြီးဌာန








