မဲခေါင်၊ မေ ၂၃
တောင်ကြီး – ဟိုပုံးလမ်း (၈)မိုင်တွင် ဆီဘောက်ဆာ(ဓာတ်ဆီကား)တစ်စီး ဘရိတ်ပေါက်တိမ်းမှောက်ရာမှ မီးလောင်ကျွမ်းရာ အနီးရှိ ယာဉ်များပါလောင်ကျွမ်းသွားပြီး ယာဉ်ပေါ်ပါသူအားလုံး သေဆုံးသွားကြောင်း သိရသည်။
ယနေ့ မေလ ၂၃ရက် ညနေ ၅နာရီခန့်က တောင်ကြီး – ဟိုပုံးလမ်း (၈)မိုင်၊ ပင်းပက်စက်ရုံးအနီး၌ ဆီဘောက်ဆာကား ဘရိတ်ပေါက်ရာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး အနီးရှိ ကား ၃ စီး၊ ဆိုင်ကယ် ၂စီးအပြင် ဓာတ်တိုင်၊ ဓာတ်ကြိုးများပါ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများ၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။
ယင်းမတော်တဆမှုကြောင့် ဆီဘောက်ဆာကားနှင့် အနီးရှိ ကား၊ ဆိုင်ကယ်စီးနင်လာသူများ အားလုံးမီးထဲပါသွားခဲ့ပြီး အနည်းဆုံး ၃ဦးသေဆုံးကာ၊ ၄ဦးဒဏ်ရာရကြောင်း သိရသည်။
“ အဲ့ကောင်မလေးတွေပြန်မလာသေးလို့ သူ့အိမ်ကရှာကြမှ ဖြစ်နေမှန်းသိရတာ။ ခုမှစဝ်စံထွန်းမှာ dead body လိုက်ရှာနေကြတယ်။ မရလောက်တော့ဘူး မီးကျွမ်းကုန်ပြီလေ” ဟု မီးကူးစက်လောင်ကျွမ်းခံခဲ့ရသည့် အနီးရှိကားပေါ်ပါမောင်နှမ ၂ ဦး သေဆုံးမှုနှင့် ပတ်သက်ပြီး မိသားစုဝင်နှင့် နီးစပ်သူတစ်ဦးက မဲခေါင်ကိုပြောပြသည်။
သက်ဆိုင်ရာ မြို့နယ်၊ ခရိုင်၊ ပြည်နယ် မီးသတ်တပ်ဖွဲ့များအားလုံး လာရောက်ငြိမ်းသတ်ခဲ့ရပြီး မိနစ် ၄၀ခန့်အကြာတွင် မီးငြိမ်းသတ်သွားသော်လည်း အများစုမှာ အသက်ရှင်သူမရှိကြောင်း သိရသည်။
စစ်ကောင်စီက ရုရှားနှင့်ပူးပေါင်းပြီး ပင်းပက်စက်ရုံအား လာမည့်လအတွင်း ပြန်လည် လည်ပတ်နိုင်ရန် စီစဉ်နေရာ ဖွင့်ပွဲသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တက်ရောက်မည်ဖြစ်သည့်အတွက် တောင်ကြီး – ဟိုပုံးလမ်းအား လမ်းခင်းပြုပြင်နေရာ လမ်းအသုံးပြုသူများ အခက်တွေ့နေရခြင်းဖြစ်သည်။
ယခု မီးလောင်မှုဖြစ်ရသည်မှာလည်း လမ်းခင်းရန် လမ်းမပေါ်ထိပုံထားသည့် ကျောက်ခဲပုံအား ဆီဘောက်ဆာကားမှ တိမ်းရှောင်ရန်ကြိုးစားစဉ် ကား ၂ စီး နှင့် ဆိုင်ကယ် ၃ စီး ညှပ်မိပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိသူဒေသခံများကဆိုသည်။
နန်းမွန်း
#MeKongNews
#ဆီဘောက်ဆာ
#မီးလောင်
#၈မိုင်
#ဟိုပုံး








