မဲခေါင်၊ မေ ၂၀
ခဲသတ္တုတူးဖော်မှုကို ကန့်ကွက်ဆန္ဒပြသည့် ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာမှ ပရာဒေါင်းဆွေမျိုးစု ခေါင်းဆောင် ၄ဦးကို ကယန်းပြည်သစ်ပါတီ KNLP ၄ရက်အကြာ ယနေ့ မေလ၂၀ရက် နေ့လယ်၂နာရီတွင် ပြန်လွှတ်ပေးလိုက်ကြောင်း ပရာဒေါင်းဆွေမျိုးစု၏ ထုတ်ပြန်ချက်အရ သိရသည်။
ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၊ ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်းအောင်နိုင်စိုး၊ ဒု-ဥက္ကဌ ဦးဘမောင်၊ လူငယ်အတွင်းရေးမှူး ခွန်းခိုင်မင်းနိုင်နှင့် နာယက ဦးအားဒိုတို့ကို ပြီးခဲ့သည့် မေလ ၂၀ရက်၊ နေ့လည်ပိုင်း၌ ကယန်းပြည်သစ်ပါတီ – KNLP က ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိကျိတ်ရွာလူငယ်တစ်ဦးက ပြောသည်။
“လောလောဆယ် တော့ ရွာပြန်ရောက်နေပြီ။ ရွာကလည်း အားလုံးပန်းစည်းတွေနဲ့ ဝမ်းသာအားရ ကြိုဆိုကြပါတယ်။ ခုထိတော့ ဘာဆက်လုပ်မယ်တွေ မသိရပါဘူး။ ဘာမှ အထိအခိုက်မရှိဘူး? အေးအေးဆေးဆေးပဲ” ဟု ၎င်းက ပြောသည်။
လွတ်မြောက်လာသူများနှင့် ပရာဒေါင်းဆွေမျိုးစု လူငယ်ဥက္ကဌထံ မဲခေါင်က ဆက်သွယ်ထားဆဲဖြစ်သည်။
ဖယ်ခုံမြို့နယ်၊ သိကျိတ်ကျေးရွာရှိ မြင်းမထိတောင်တွင် ကယန်းပြည်သစ်ပါတီ ဥက္ကဌ ဦးသန်းစိုးနိုင်ပိုင်သည့် လေးပွင့်ကြယ်ကုမ္ပဏီမှ လူထုသဘောတူ ဆန္ဒမပါဝင်ဘဲ တရုတ်နိုင်ငံ၊ မစ္စတာဝမ်ကုမ္ပဏီနှင့် ၅နှစ် စာချုပ်ချုပ်ဆိုပြီး အကြီးစားသတ္တု တူးဖော်မည့်ကိစ္စကို ဒေသခံပရာဒေါင်းဆွေမျိုးစုက ပြင်းထန်စွာ ကန့်ကွက်ဆန္ဒဖော် ထုတ်ခဲ့ကြရာမှ KNLP က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လေးပွင့်ကြယ်ကုမ္ပဏီနှင့် ပရာဒေါင်းဆွေမျိုးစုအကြား မကြေလည်မှုများကို နှစ်ဦးနှစ်ဘက်ကြေလည်သည်အထိ ကြိုးပမ်းမည်ဖြစ်သည်ဟု ကယန်းပြည်သစ်ပါတီဗဟိုကော်မတီက ယမန်နေ့ မေလ ၁၉ ရက်က ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#ပရာဒေါင်းဆွေမျိုးစု
#မြင်းမထိတောင်
#ခဲသတ္တုတူးဖော်
#ကယန်းပြည်သစ်ပါတီ
#ခွန်အောင်နိုင်စိုး








