မဲခေါင်၊ မေ ၁၈
မသင်္ကာမှုဖြင့် TNLA တပ်ဖွဲ့၏ ဖမ်းဆီးခြင်းခံရသည့် ကိုကိုအောင်ဆိုသူ သေဆုံးသွားပြီးနောက် မိုးကုတ်တွင် TNLA ၏ ဖမ်းဆီးခြင်း ခံရပြီးနောက် သေဆုံးသွားသူ ၂ ဦး ရှိလာကြောင်း ဒေသခံများထံမှ သိရသည်။
မေလ ၅ ရက်တွင် မိုးကုတ်မြို့၊ ပိတ်စွယ်နယ်မြေ (၂) တွင်နေထိုင်သူ ကိုကိုအောင်ဆိုသူကို TNLA တရားဥပဒေစိုးမိုးရေး (ရဲတပ်ဖွဲ့)မှ မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး တစ်ပတ်အကြာ မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကိုပြောသည်။
အလားတူ မေလ ၈ ရက်နေ့ ညနေပိုင်းတွင်လည်း မင်းတံတားရပ်ကွက်နေ ကိုဇော်မင်းထွန်း(ခ)ကိုဇော်ဇော်ဆိုသူကို အော်ဟစ်ဆဲဆိုမှုဖြင့် ရိုက်နှက်ဖမ်းဆီးသွားခဲ့ပြီး ဖမ်းဆီးခံရပြီး ၃ ရက်အကြာ မေလ ၁၁ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကိုဇော်ဇော်ဆိုရင် အလောင်းကိုတောင် တွေ့မြင်ခွင့်မရဘဲနဲ့ သူတို့ရဲတပ်ဖွဲ့ဝင်တွေကနေပဲ သင်္ဂြိုဟ်ပေးလိုက်တယ်လို့ ကြားရပါတယ်။ နှိပ်စက်ခံရတာမျိုးရှိတယ်လို့လည်း ကြားသိရပါတယ်” ဟု မိုးကုတ်မြို့ရှိ သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။
ယခင်ကလဲ မိုးကုတ်မြို့တွင် မသင်္ကာမှု၊ မူးယစ်မှုများနှင့် ဖမ်းဆီးခံရသူများရှိပြီး အရေးယူပြီးနောက် ပြန်လွှတ်ကြောင်း၊ ပြစ်မှုမရှိလျှင်လည်း ပြန်လွှတ်ပေးကြောင်း သိရသည်။
“TNLA က အကြောင်းမဲ့တော့ ဖမ်းဆီးတာ မရှိဘူး။ ကြားထဲမှာ ဖမ်းဆီးပြီးပြန်လွတ်လာကြတာရှိတယ်။ တခေါက်လဲ စစ်မှုထမ်းကိစ္စရယ်၊ မိုးကုတ်မြို့ နာမည်ပြောင်းမယ်ဆိုတာကို ဆန္ဒပြတာကို မသင်္ကာမှုနဲ့ တစ်လခွဲလောက်ဖမ်းခံရတယ်။ ဒါပေမဲ့ ပြန်လွတ်လာတယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
TNLA မှ ဖမ်းဆီးပြီးနောက် သေဆုံးသွားသူများနှင့် ပတ်သက်ပြီး အသေးစိတ်သိနိုင်ရန် TNLA ပြောခွင့်ရပုဂ္ဂိုလ်ကို မဲခေါင်မှဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ခြင်း မရှိသေးပေ။
သေဆုံးသူ ၂ ဦးအနက် ကိုကိုအောင် ဆိုသူ၏ အလောင်းအား မိသားစုမှပြန်လည်ရရှိခဲ့ပြီး မေလ ၁၄ ရက်တွင် သဂြိုဟ်ခဲ့ပြီးဖြစ်ကာ ကိုဇော်မင်းထွန်း ဆိုသူ၏ အလောင်းမှာ နှိပ်စက်ခံရမှုကြောင့် မျက်နှာညိုမည်းခြင်း၊ နှာခေါင်းရိုးကျိုးခြင်းများ ဖြစ်ပေါ်ခဲ့ပြီး မိသားစုအား ပြန်ယူခွင့်မပြုဘဲ TNLA ရဲတပ်ဖွဲ့မှ သဂြိုဟ်လိုက်ကြောင်း သိရသည်။
ဂနိုက်
#MeKongNews
#TNLA
#မိုးကုတ်
#ရဲတပ်ဖွဲ့
#ဖမ်းဆီးစစ်ဆေး
#သေဆုံး








