မဲခေါင်၊ မေ ၁၅
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းတွင် ရပ်ထားသည့် ကုန်ုကားတစ်စီး နောက်ပြန်လိမ့်ကာ ရှိုင်း ဂက်စ်ဆိုင်ကို တိုက်မိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၁၄ရက် ည ၇နာရီကျော်ခန့်က တောင်ကြီးမြို့အနောက်မြို့ပတ်လမ်း၊ ထွန်းထွန်းရေတိုင်ကီ၏ တဖက်ခြမ်း၌ ရပ်ထားသော ကုန်အပြည့်ပါ ဆယ်ဘီးကားသည် နောက်ပြန်လှိမ့်ဆင်းလာကာ လမ်းအရှေ့ဘက်ခြမ်း၊ ချစ်ပန်းသဇင် ဆယ်ထပ်တိုက် ဘေးရှိ ရှိုင်းဂတ်စ်ဆိုင်ကို ဝင်တိုက်မိခြင်းဖြစ်သည်။
“ကားသမားက အပေါ့သွားတာ၊ ဟမ်းဘရိတ်မဆွဲမိလို့ ဖြစ်တာတဲ့။ ကားက ဘယ်လောက်မှ မပျက်ဘူး။ ဆိုင်ကတော့ အတော်ပျက်တယ်။ ကံကောင်းတာ လူအထိအခိုက်မရှိသလို ဂက်စ်တွေ မီးမလောင်တာပဲ။ ဒါပေမယ့် ဓာတ်ကြိုးတွေ ဓာတ်တိုင်တွေထိကုန်လို့ မီးပြတ်တယ်”ဟု ဖြစ်စဥ်သိသည့် ကံသာရပ်ကွက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
ကားကို ဆွဲထုတ်ရာ၌ ဓါတ်တိုင် ၄ တိုင် ၊ ဖုန်းကြိုး၊ အင်တာနက် ဝိုင်ဖိုင်ကြိုးများ ငြိပါပြတ်တောက်သွားသဖြင့် အနီးနားရှိ ကံသာရပ်ကွက်၊ အနောက်မြို့ပတ်လမ်း အနီးတဝိုက်တွင် လျှပ်စစ်မီး ပြတ်တောက်နေကြောင်း သိရသည်။
တောင်ကြီးမြို့ရှောင်လမ်းတွင် လမ်းပျက်စီးမှု များပြုပြင်နေသည့်အတွက် ကုန်တင်ကား၊ တွဲကားများကို တောင်ကြီးမြို့ပေါ် အနောက်မြို့ပတ်လမ်းကို အချိန်ပိုင်း ဖြတ်သန်းမောင်းနှင်ခွင့် ပြုထားချိန်တွင် ယခုကဲ့သို့ ဖြစ်ပွားခြင်းဖြစ်သည်။
တောင်ကြီးမြို့၊ အနောက်မြို့ပတ်လမ်းမှ ကုန်ကားများ ဖြတ်သန်းသွားလာခွင့်ပြုခြင်းကို ယာဉ်အန္တရာယ်များခြင်း၊ ကုန်ကားမောင်းသမားများ၏ စည်းကမ်းမဲ့ခြင်းများကြောင့် မြို့ခံများက မနှစ်သက်ကြပေ။
“မြို့ရှောင်လမ်း ကို သေချာမဖောက်တော့ ရေထဲမိုးထဲ ကားတွေ ဒုက္ခရောက်၊ ပြီးတော့ မြို့ပေါ် တအားလူရှုပ်ကားရှုပ်တဲ့ အနောက်မြို့ပတ်လမ်းမှာ ကားကြီးတွေထင်သလိုမောင်း၊ (ထင်သလို) ရပ်နေတာကို မထိန်းသိမ်းရင် ဒီလိုအဖြစ်တွေ ကြုံနေမှာပဲ။ ဖြစ်ကတတ်ဆန်း ပြီးပြီးရော အကျင့်က ဒုက္ခ ရောက်စေတာပဲ”ဟု မြို့ပတ်လမ်းနေ အငြိမ်းစားဝန်ထမ်းတစ်ဦးက ဝေဖန်သည်။
မြို့ရှောင်လမ်း မပြီးမီ တောင်ကြီးမြို့ကို ဖြတ်သန်းမောင်းနှင်နေသည့် ကုန်ကားများ သတ်မှတ်အချိန်အတိုင်း နံနက်ပိုင်း၊ ညနေပိုင်း လူအရမ်း ရှုပ်သည့် အချိန်များတွင် ဂရုတစိုက်မောင်းနှင်ကြစေလိုကြောင်း လူထုက ပြောကြားနေကြသည်။
မဟာ
#MeKongNews
#တောင်ကြီး
#အနောက်မြို့ပတ်လမ်း
#ကုန်တင်ကား
#ရှိုင်းဂတ်စ်ဆိုင်








