မဲခေါင်၊ မေ ၁၂
စစ်ကောင်စီပြန်လည်အုပ်ချုပ်နေသည့် လားရှိုးမြို့တွင် သေနတ်ကိုင်လူတစ်စုက အမျိုးသမီးတစ်ဦးကို ဓားပြတိုက်ပြီး ကားနှင့် လက်စွပ် ၂ ကွင်း လုယူသွားကြောင်း သိရသည်။
ယမန်နေ့ မေလ ၁၁ ရက်၊ နေ့လယ် ၂ နာရီခန့်တွင် လားရှိုးမြို့၊ ရပ်ကွက် (၁)၊ ပါရမီလမ်းမှ အမျိုးသမီးတစ်ဦး ၎င်းအိမ်နှင့် မလှမ်းမကမ်းရှိ ရန်တိုင်းအောင်လမ်းဘက်တွင် ဓားပြတိုက်ခံရခြင်းဖြစ်ပြီး သေနတ်သမားများက စျေးမှပြန်လာသည့် အမျိုးသမီး၏ ကားကို ပိတ်ရပ်ကာ ကားနှင့် လက်စွပ်များကို လုယူသွားကြောင်း ဖြစ်စဉ်ကိုသိသည့် ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“သေနတ်ကိုင်က၂ယောက်၊ ဓားကိုင်တာက တစ်ယောက်တဲ့။ ပါသွားတာက Crown အပြောင်း အဖြူရောင် မော်ဒယ်အမြင့်ကားနဲ့ လက်စွပ်၂ကွင်း၊ ဖုန်းတစ်လုံး၊ ကားက တော်တော်လှတာ။ သူတို့ အမှတ် (၁)ရဲစခန်းမှာ တိုင်ထားတယ်” ဟု ၎င်းက ပြောသည်။
လားရှိုးမြို့ကို စစ်ကောင်စီပြန်လည်အုပ်ချုပ်ပြီးနောက်ပိုင်း ဒုစရိုက်မှုများ များပြားလာပြီး မေလ ၁၁ ရက်ကလည်း လားရှိုးမြို့ ရတနာထွန်းလမ်းတွင် Scoopy ဆိုင်ကယ် မိုးပြာရောင် တစ်စီး ပျောက်ဆုံးသွားကြောင်း သိရသည်။
ထို့အတူ မေ၁၁ ရက်၌ပင် လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ ဟူးမွန်ရွာအတွင်း မန်နားသွားလမ်းရှိ နေအိမ်အတွင်းသို့ ဓားကိုင်ဆောင်သူ လူ ၃ ဦးမှလာရောက်ရန်ပြုခဲ့ပြီး ဆိုင်ကယ်ကို ယူဆောင်သွားကြောင်း နီးစပ်သူတစ်ဦးက မဲခေါင်ကို ပြောသည်။
“ကြောက်လွန်းလို့ အော်ငိုနေတာ ဘယ်သူမှ ရောက်မလာကြဘူး။ ဘေးအခန်းက အကို ခေါင်းထိတာ ၃ချက်ချုပ်ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိ လားရှိုးကို ထိန်းချုပ်နေသည့် စစ်ကောင်စီမှာ ၎င်းတို့ ဌာနဆိုင်ရာများ ပြန်လည်အခြေပြုနိုင်ရန်သာ အဓိကလုပ်ဆောင်နေပြီးမြို့ကို ဥပဒေစိုးမိုးနိုင်ရန် ကြိုးစားနေမှုအားနည်းနေမှုအပေါ် ပြည်သူအများ ဝေဖန်နေကြကြောင်း သိရသည်။
မဟာ
#MeKongNews
#လားရှိုး
#ဓားပြတိုက်
#ဒုစရိုက်မှု
#သေနတ်သမား








