မဲခေါင်၊ မေ ၁၂
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ လယ်မကျေးရွာသို့ ယနေ့ မေလ ၁၃ ရက် နံနက်အစောပိုင်း ၂ နာရီခန့်တွင် ဝင်ရောက်စီးနင်းလာသည့် စစ်ကောင်စီစစ်ကြောင်းမှ အသက်မပြည့်သေးသူ ကလေး ၄ ဦးနှင့် လူငယ် ၇ ဦးတို့ကို သတ်ဖြတ်သွား ကြောင်း ဒေသခံများက ပြောသည်။
ဂန့်ဂေါအခြေစိုက် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၅၀ မှ ခန့်မှန်းအင်အား ၅ဝ ခန့်ပါ မြေပြင်စစ်ကြောင်းသည် လယ်မကျေးရွာသို့ ဝင်ရောက်လာခဲ့ပြီးနောက် အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက မဲခေါင်ကို ပြောသည်။
သေဆုံးသူများမှာ အသက် ၁၂ နှစ်အရွယ် မောင်လျှံထွန်း၊ အသက် ၁၃ နှစ်အရွယ် မောင်မှိုင်းဝေ၊ အသက် ၁၅ နှစ်အရွယ် မောင်သီဟလင်း၊ အသက် ၁၅ နှစ်အရွယ် မောင်မျိုးသီဟ၊ အသက် ၁၉ နှစ်အရွယ် မောင်ကျော်မြတ်သူ၊ အသက် ၁၉ နှစ်အရွယ် မောင်ဂျွန်ကိုဝင်း၊ အသက် ၂၃ နှစ်အရွယ် ကိုသက်ပိုင်ဦး၊ အသက် ၂၄ နှစ်အရွယ် ကိုကျော်စန်းခိုင်၊ အသက် ၂၅ နှစ်အရွယ် ကိုနေလင်းဦး၊ အသက် ၂၇ နှစ်အရွယ် ကိုညီလေးနှင့် အသက် ၃၉ နှစ်အရွယ် ကိုအောင်ကြည်မင်းတို့ ဖြစ်ကြောင်း ယင်းဒေသခံထံမှ သိရသည်။
ယခုအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းသည် တော်လှန်ရေး ၄ နှစ်တာ ကာလအတွင်း လယ်မကျေးရွာ၌ ပထမဆုံးအကြိမ်ဖြစ်ပြီး လယ်မကျေးရွာကို ဒေသကာကွယ်ရေးတပ်များက ထိန်းချုပ်ထားသော်လည်း စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်ပွားထားခြင်း မရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက မဲခေါင်ကိုပြောသည်။
“ည ၂ နာရီ ဝန်းကျင်က ဝင်စီးတာပါ။ ဘာကြောင့်လဲဆိုတာကို အသေးစိတ်အချက်အလက်ကတော့ အတည်မပြုနိုင်သေးပါဘူးဗျ။ ဖမ်းသွားသူတွေကို ခလရ ၅၀ ထဲခေါ်သွားတာပါ။ နေအိမ်မီးရှို့တာမရှိဘူး။ လတ်တလော တိုက်ပွဲဖြစ်ပွားထားတာ မရှိပါဘူး” ဟု ၎င်းကဆိုသည်။
ပစ်ခတ်သတ်ဖြတ်ပြီးနောက် ဖမ်းဆီးခံရသောအရေအတွက်မှာ ၃၀ ဦး ခန့်ဖြစ်ပြီး ၎င်းထဲမှ အသက်ကြီးသူများနှင့် အမျိုးသမီး ၁၀ ယောက် ခန့်ကို ပြန်လည်လွှတ်ပေးခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသူများ၏ အခြေအနေကိုမသိရကြောင်း ယောလူထုတိုက်ပွဲကော်မတီက သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီမှ အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် လက်ရှိတွင် လယ်မကျေးရွာဒေသခံများမှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
ဂနိုက်
#MeKongNews
#ဂန့်ဂေါ
#ခလရ၅၀
#အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
#လယ်မကျေးရွာ








