မဲခေါင်၊ မေ ၁၁
ရှမ်းပြည်တောင်ပိုင်း၊ ဟဲဟိုးမြို့အထွက် လက်ပံပင်တန်းကျေးရွာ အနီးတွင် လူ ၃ဦးက ယာဥ်ထိန်းရဲဟန်ဆောင်ကာ လိုင်စင်မဲ့ကားကို သိမ်းဆည်းသည်ဟုပြောပြီး လိမ်လည်ယူဆောင်သွားသလို Kpay ၃သိန်းပါ လွှဲခိုင်းသွားကြောင်း သိရသည်။
မေလ ၆ ရက်၊ နံနက် ၉ နာရီခန့်တွင် ဟဲဟိုး – ကလောလမ်း၊ သီခေါင်တောင်အဆင်းက လက်ပံပင်တန်း၌ ယာဥ်ထိန်းရဲဝတ်စုံဝတ်နှင့် လူတစ်ဦး၊ အနက်ရောင် အင်္ကျီဘောင်းဘီ ဝမ်းဆက်ဝတ် လူ၂ဦးတို့က ဟဲဟိုးဘက်မှ ဆင်းလာသော Hijet 2010 ကားတစ်စီးအား တားခဲ့ကာ စစ်ဆေးဟန်ပြုပြီး ကားကိုသိမ်းဆည်းယူဆောင်သွားခြင်းဖြစ်ကြောင်း ယာဉ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။
“ပိုက်ဆံမပါတော့ Kpayထဲကနေ ၃သိန်းလွှဲပေးလိုက်ရပါတယ်။ ညှိနှိုင်းမယ်ပြောတော့လည်း မရဘူး ကားသိမ်းလိုက်ပြီ ပြောပါတယ်။ မနက်ဖြန်မနက်မှ အေးသာယာလာရွေးလို့ ပြောပါတယ်။ ဖုန်းနံပါတ်တစ်ခုထားခဲ့ပေးပါတယ်။ ကားကို တစ်ခါတည်းယူသွားပါတယ်” ဟု ၎င်းက ပြောပြသည်။
ယာဉ်ထိန်းရဲဟန်ဆောင် လိမ်လည်သူများသည် ယုတ္တိရှိစေရန် ကားမောင်းသူ၏ ဖုန်းထဲမှ Viber၊ TikTok စသည့် လူမှုကွန်ယက် အက်ပလီကေးရှင်းများနှင့် ကားပေါ်ပါ စာအုပ်များပါ စစ်ဆေးဟန်ပြုခဲ့ကြောင်း၊ ယာဥ်ထိန်းရဲ ဟန်ဆောင်ထားသူများက ၎င်းတို့သည် စီမံချက်အရ စစ်ဆေးရခြင်းဖြစ်သည်ဟုလည်း ပြောဆိုသွားကြောင်း သိရသည်။
ထို့နောက် ကားပိုင်ရှင်က ရွှေညောင်၊ ဟဲဟိုး၊ ကလောမြို့တို့မှ ယာဥ်ထိန်းရဲများထံ စုံစမ်းကြည့်ရာ ယင်းနေ့က လိုင်စင်မဲ့ယာဉ် ဖမ်းဆီးရေးစီမံချက် မရှိသည်ကို သိရကြောင်း၊ ကားယူသွားသူများ ပေးခဲ့သည့် ဖုန်းနံပတ် (0966054154 ) ထံ ထပ်မံဆက်သွယ်ရာတွင် ဖုန်းပိတ်သွားကြောင်း လိမ်လည်ခံရသူနှင့် နီးစပ်သူများထံမှ သိရသည်။
ယင်းကဲ့သို့ ကားသိမ်းဆည်းယူဆောင်သွားမည်ဆိုပါက သိမ်းဆည်းသူ၏ ဝန်ထမ်းကတ်၊ တာဝန်ကျဌာနတို့ကို တိတိကျကျ မှတ်တမ်းရယူထားရန်လိုသလို ဌာနဆိုင်ရာနှင့် နီးစပ်သူများထံ ဖုန်းဆက်ကာ မေးမြန်းအကြံဉာဏ်ရယူခြင်းများ ပြုလုပ်သင့်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက အကြံပြုသည်။
စစ်အာဏာသိမ်းပြီးနောက် ယာဥ်ထိန်းရဲများ စီမံချက်ဖြင့် စစ်ဆေးရာတွင် စစ်တပ်၊ ရဲ စသဖြင့် ဌာနဆိုင်ရာအဖွဲ့စုံ ပါဝင်တတ်ပြီး သတ်မှတ်နေရာတွင်သာ အုပ်စုလိုက် စစ်ဆေးတတ်ကြောင်း သိရသည်။
နန်းမွန်း
#MeKongNews
#ယာဥ်ထိန်းရဲ
#ဟန်ဆောင်
#လိမ်လည်
#ကားသိမ်း
#ဟဲဟိုး
ဓာတ်ပုံ – လိမ်လည်ခံရသည့် Hijet ကား








