မဲခေါင်၊ မေ ၁၀
ရှမ်းပြည်မြောက်ပိုင်း၊ TNLA ထိန်းချုပ်နယ်မြေ၊ နောင်ချိုမြို့နှင့် အနီးဝင်းကျင်ဒေသများတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီမှလည်း လေကြောင်းတိုက်ခိုက်မှုများ နေ့စဉ်ပြုလုပ်နေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။
ကံ့ကော်၊ တောင်ခမ်း၊ မဲပုတ်၊ နောင်လင်တွင် စစ်ကောင်စီတပ်များ အထိုင်ချတပ်စွဲထားကာ ၎င်းနေရာများမှ ထိုးစစ်ဆင်နေသောကြောင့် ၂ ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်များ ရှေ့ဆက်တိုးနိုင်ခြင်း မရှိသေးကြောင်း နောင်ချိုမြို့ရှိ PDF သတင်းရင်းမြစ်က မဲခေါင်ကိုပြောသည်။
“နောင်ချိုကတော့ (TNLAက) ပြန်ပေးမယ့် အတိုင်းအတာတော့ မမြင်ရသေးဘူး။ အခုထိတော့ အကောင်းဆုံး၊ အတတ်နိုင်ဆုံး တိုက်ခိုက်နေတုန်းပါပဲ။ စကစဘက်က ထိုးစစ်ကတော့ တောင်းခမ်းမှာလည်း နဂိုနေရာမှာပဲ ရှေ့ဆက်တိုးနိုင်တယ်မဟုတ်ဘူး။ သူတို့ထိုးလိုက်၊ ကိုယ်ထိုးလိုက်ပဲ။ ကံ့ကော်မှာလည်း အဲ့လိုပဲ” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် ကံ့ကော်၊ တောင်းခမ်းမှာတဆင့် ဒုဌဝတီမြစ်ကမ်း၊ ယင်းမှတဆင့် မဲပုတ်၊ နောင်လင်အထိ စစ်ကောင်စီထိုးစစ်ဆင်နေပြီး ၂ ဖက်တပ်များ အပြန်အလှန်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းများ၊ လက်နက်ကြီးများ၊ အဆိပ်ငွေ့ဗုံးများ ဆက်တိုက်သုံးနေကြောင်း သိရသည်။
စစ်ကောင်စီမှ ပြီးခဲ့သည့် မေလ ၆ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အပစ်အခတ်ရပ်စဲရေးကာလ ထပ်မံတိုးမြှင့်ကြောင်း တရားဝင်သတင်းထုတ်ပြန်ထား သော်လည်း နောင်ချိုဒေသတွင် ၎င်းတို့ အောက်ခြေစစ်သည်များမှ မြေပြင်ထိုးစစ်များ၊ လက်နက်ကြီးပစ်ခတ်ခြင်းများ၊ ဒရုန်းနှင့် လေကြောင်းဖြင့် အသုံးပြုတိုက်ခိုက်ခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။
TNLA ထုတ်ပြန်ချက်များအရ မေလ ၉ ရက်၊ နံနက် ၆ နာရီကျော်တွင် စစ်ကောင်စီတပ်မှ TNLA ရှိရာ သရက်ချိုရွာ အနီးတဝိုက်တွင် ထိုးစစ်ဆင်လာသောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ နေ့လယ် ၁၂ နာရီကျော်တွင် ဒရုန်းဖြင့် ဗုံး ၅ လုံးနှင့် လက်နက်ကြီး ၁၀ ကြိမ် သရက်ချိုရွာသို့ ပစ်ခတ်တိုက်ခိုက်ကြောင်း၊ နံနက် ၉ နာရီကျော်တွင် စစ်ကောင်စီတပ် အမတ (၉၀၂)မှ ဒရုန်းဖြင့် ဗုံး ၂ လုံး၊ အဆိပ်ငွေ့ဗုံး ၁၁ ကြိမ် ယာပြင်ကျေးရွာတွင် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တဲခေါ်ရွာရှိ စစ်ကောင်စီတပ်မှ နေ့လယ် ၁ နာရီခန့်တွင် ဒရုန်းဖြင့် ဗုံး ၉ လုံး၊ အဆိပ်ငွေ့ဗုံး ၄ လုံးဖြင့် အုမ္မတီးကျေးရွာသို့ လာရောက် ကြဲချခဲ့ကြောင်း သိရသည်။
၎င်းအပြင် နေ့လယ် ၃ နာရီခန့်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့ နောင်လင်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွဲခဲ့ပြီး စစ်ကောင်စီတပ်မှ နေ့လယ် ၁၂ နာရီကျော်တွင် ဒရုန်းဖြင့် ဗုံး ၈ လုံး၊ လက်နက်ကြီးဖြင့် ၇ ကြိမ် နောင်လင်ကျေးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် TNLA အပေါ် နိုင်ကွက်မရှိသည့်အတွက် လေကြောင်းတိုက်ခိုက်မှုများကိုသာ တွင်တွင်သုံးနေရကြောင်း TNLA ထိန်းချုပ်ဒေသရှိ PDF သတင်းရင်းမြစ်က မဲခေါင်သို့ ပြောသည်။
“တရုတ်နိုင်ငံကူမင်းမှာ အစည်းအဝေးပွဲလုပ်တယ်။ ဒီရှမ်းမြောက်မှာ TNLA တွေ သိမ်းယူထားတဲ့ နေရာတွေကနေ နမ့်ဆန်၊ နမ်တုံအထိ TNLA ကို ဆုတ်ခိုင်းတယ်။ စစ်ကောင်စီအနေနဲ့က UWSA လို၊ MNDAA လို နိုင်ကွက်မရှိဘူး၊ ဝှက်ဖဲမရှိဘူး။ ဒီအပေါ်မှာ TNLA ကို ချုပ်ကိုင်လို့ မရတဲ့အပေါ်မှာ TNLA ကလည်း ပြန်တင်းတယ်။ အဲဒီအခြေအနေမှာ စစ်တပ်ကတော့ လုပ်နိုင်တဲ့တစ်ခုထဲရှိတဲ့ Air Strike (လေကြောင်းတိုက်ခိုက်မှု)ကို ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ယူဆယ်” ဟု ၎င်းကဆိုသည်။
စစ်ကောင်စီတပ်မှ အပစ်ရပ်သက်တမ်း တစ်လတိုးထားသော်လည်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ရှိနေသည့်အတွက် စစ်ကောင်စီတပ်၏ လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ကြောင်း TNLA က ထုတ်ပြန်ပြောဆိုထားသည်။
ဝက်ဝံ၊ သုံးဆယ်၊ တောင်ခမ်းရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် ဇန်နဝါရီလထဲတွင် “နောင်ချိုမြို့အား ၃ လအတွင်း အပြီးသတ် ပြန်လည်သိမ်းယူမည်” ဟု ကြွေးကြော်ထားခဲ့ပြီး ၄ လကျော်လာသည်အထိ နောင်ချိုမြို့အား TNLA ဦးဆောင်သည့် တော်လှန်ရေးတပ်များက ထိန်းချုပ်ထားဆဲဖြစ်သည်။
ဂနိုက်
#MeKongNews
#နောင်ချို
#တောင်ခမ်း
#လေကြောင်းတိုက်ခိုက်မှု
#အဆိပ်ငွေ့ဗုံး








