မဲခေါင်၊ မေ ၁၀
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် မေလ ၉ ရက်၊ ည ၁၀ နာရီခန့်က ရပ်ကွက် ၁ မိုင်းပျဥ်းကားဂိတ်၊ မန်ကျီးပင်လမ်း၊ ပြင်ပရဲစခန်းလိုင်းခန်းရှိ ရဲတစ်ဦးပိုင် ဆိုင်ကယ်အား ခိုးယူသွားကြောင်း သိရသည်။
ဆိုင်ကယ်မှာ ရဲစခန်းလိုင်းခန်းရှိ အခန်းထဲတွင် ထားထားခြင်းဖြစ်ပြီး အရှေ့တံခါးကို ဖျက်ကာ ခိုးယူသွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“စခန်းကရဲဆိုင်ကယ်ပဲ။ သူခိုးတွေ တအားကို သောင်းကျန်းနေတာ၊ ရဲတွေ မနိုင်တော့ဘူး။ ကိုယ့်ဆိုင်ကယ်ကိုပဲ ဂရုစိုက်ကြရတော့မယ်” ဟု ၎င်းက ပြောသည်။
အလားတူ မေလ၈ရက်၊ ည ၁၀ နာရီခန့်က ရပ်ကွက် ၂၊ ကျိုင်းကာ အိမ်ခန်းအတွင်း သော့ ၃ လုံးဖြင့်ခတ်ထားသည့် ဆိုင်ကယ်တစ်စီးလည်း ခိုးယူခံခဲ့ရကြောင်း သိရသည်။
“သော့က ဇက်သော့၊ ရှေ့ဖောက်၊ ကိုယ်ထည်တွေနဲ့ ၃ လုံးတောင် ခတ်ထားတာ။ Cutter နဲ့ အိမ်ခန်းတံခါးရော၊ အားလုံးကို ဖြတ်ပြီး ခိုးခံရတာ။ စခန်းမှာလည်း အမူဖွင့်ထားပါတယ်။ ရဲစခန်းကလည်း ကြိုးစားနေတယ်ပဲပြောတယ်” ဟု ဆိုင်ကယ်ခိုးခံရသူနှင့် နီးစပ်သူက မဲခေါင်သို့ မေ ၁၀ ရက်တွင် ပြောသည်။
ခိုးခံရသည့် ဆိုင်ကယ်၏ ချက်ဆီနံပတ်များကိုလည်း လူမှုကွန်ရက်မှာဖော်ပြထားပြီး ရောင်းသူဝယ်သူများ သတိပြုမိရန်လည်း ၎င်းက ပြောသည်။
ကျိုင်းတုံတွင် ဆိုင်ကယ်ခိုးမှုများ ဆက်တိုက်ဖြစ်နေပြီး ယနေ့ မေလ ၁၀ ရက် အစောပိုင်းမှာပင် ဆိုင်ကယ်ခိုးယူနေစဉ် အိမ်ရှင်များနိုးသဖြင့် ခိုးယူသူများထွက်ပြေးသွားသည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သွားကြောင်း၊ မေလ ၇ ရက် ညနက်ပိုင်းက အိမ်တွင် ရပ်ထားသည့် ဆိုင်ကယ်လာခိုးစဉ် ဆိုင်ကယ်တွင်တပ်ထားသည့် အချက်ပေးသံကြောင့် သူခိုးထွက်ပြေးကာ ဆိုင်ကယ်ကို ပြန်လည်ရယူနိုင်ခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ဖြစ်သွားကြောင်း ကာယကံရှင်များထံမှ သိရသည်။
ကျိုင်းတုံဆေးရုံကြီးတွင် ရပ်ထားသည့် ဆရာမများ၏ ဆိုင်ကယ် ၃ စီးလည်း ဧပြီ ၂ ရက်နှင့် မေလ ၆ ရက်များတွင် ခိုးယူခံကြောင်း သိရသည်။
ကျိုင်းတုံမြို့တွင် ဆိုင်ကယ်များကို လူသတ်လုယက်ခြင်း၊ ရန်ပြုလုယက်ခြင်း၊ အလစ်သုတ်ခြင်း၊ ဖောက်ထွင်းခိုးယူခြင်းများဖြင့် ကျူးလွန်နေကြရာ ရဲများက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လုယက်၊ အလစ်သုတ်သူ ၇ ဦးထံမှ ဆိုင်ကယ် ၁၀ စီးခန့်ကို ဖမ်းဆီးရမိထားသော်လည်း သူခိုးများက ဆက်တိုက်အတင့်ရဲစွာ ကျူးလွန်နေကြဆဲ ဖြစ်သည်။
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်သူခိုး
#မိုင်းပျဉ်းကားဂိတ်
#ရဲလိုင်းခန်း








