မဲခေါင်၊ မေ ၁၀
ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာတိုက်ပွဲအတွင်း ဒေသခံနေအိမ်များကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO ပြည်သူ့စစ်တို့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖယ်ခုံ အမှတ် – ၁၀၀၆ တပ်ရင်းက ရုပ်သံနှင့်တကွ မေ ၉ ရက်တွင် ထုတ်ပြန်သည်။
မေလ ၉ ရက်နေ့ နံနက် ၆ နာရီအချိန်မှစ၍ စန့်စွဲကျေးရွာရှိ ပြည်သူနေအိမ်များကို စစ်ကောင်စီနှင့် PNO တို့က အဆက်မပြတ် မီးရှို့နေခဲ့ပြီး အိမ်ခြေ အလုံး ၂၀ နီးပါး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီနှင့် PNO တို့သည် မေလ ၆ ရက်တွင် အင်အား ၂၀၀ ကျော်ဖြင့် လေကြောင်းနှင့်လက်နက်ကြီးများ အသုံးပြုကာ ညောင်ရွှေမြို့နယ်၊ စန့်စွဲကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာခဲ့ရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ယနေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး စစ်ရေးတင်းမာမှုရှိနေခြင်း ဖြစ်သည်။
ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီ၏ ဒရုန်း ၂ စီးကို ဖယ်ခုံ PDF အမှတ် – ၁၀၀၆ တပ်ရင်းကပစ်ချနိုင်ခဲ့ပြီး ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
စစ်ကောင်စီက အများပြည်သူနေထိုင်ရာ ကျေးရွာများသို့ဦးတည်ကာ စစ်ရေးပစ်မှတ်မရှိဘဲ လက်နက်ကြီးများ ပစ်ခတ်နေသည့်အတွက် အနီးအနားရှိကျေးရွာများမှ ပြည်သူများလည်း စိုးရိမ်ထိတ်လန့်ကာ စစ်ရှောင်နေကြရကြောင်း သိရသည်။
Photo – စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်တို့က စန့်စွဲကျေးရွာရှိ ပြည်သူနေအိမ်များအား မီးရှို့ဖျက်ဆီးနေစဉ်
မဟာ
#MeKongNews
#စွန့်စွဲရွာ
#PNO
#မီးရှို့ဖျက်ဆီး
#ဒရုန်း








